ဒီည ဆီဗီလာ Vs မန်ယူ ပွဲ မတိုင်ခင် သိထားသင့်တဲ့ ပွဲကြို ထူးခြား အချက်အလက်များ စုစည်းမှု

မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ည အဝေးကွင်းမှာ ဆီဗီလာနဲ့ ဒုတိယ အကျော့ သွားရောက်ရင်ဆိုင်တဲ့အခါမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ဖို့ မျှော်လင့်နေပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ပြုတ်လာတဲ့ ဆီဗီလာဟာ ပီအက်စ်ဗွီ၊ ဖီနာဘာချီတို့ကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ် ရောက်လာခဲ့တာဖြစ်ပေမယ့် လတ်တလော ခြေစွမ်းကတော့ ယိမ်းယိုင်နေခဲ့ပြီး နောက်ဆုံး ၇ ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့တာပါ။

တဖက်က ယူနိုက်တက်ဟာ ပလေးအော့ဖ်မှာ ဘာစီလိုနာ၊ ၁၆သင်းအဆင့်မှာ ရီးရဲဘက်တစ်တို့ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒီလအတွင်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီးတော့ ပြီးခဲ့တဲ့အပတ်မှာ ပရီးမီးယားလိဂ် ၃ပွဲဆက် အနိုင် ရထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပထမအကျော့တုန်းက ယူနိုက်တက်ဟာ ၂၁မိနစ်မှာ ၂ဂိုးအသာနဲ့ ဦးဆောင်ထားခဲ့ပေမယ့် အဆုံးသတ်မှာ ၂-၂ သရေ ဖြစ်သွားခဲ့တာပါ။ နှစ်သင်းလုံးဟာ နောက်တဆင့် တက်ရောက်နိုင်ဖို့ဆိုရင် အခုပွဲကို မဖြစ်မနေ အနိုင်ယူရတော့မှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

သမိုင်းတလျှောက် ဒီနှစ်သင်းတွေ့ဆုံမှု မှတ်တမ်းမှာတော့ ယူနိုက်တက်အနေနဲ့ အသာစီး ရထားခြင်းမရှိပါဘူး။ စုစုပေါင်း ၆ပွဲ ရင်ဆိုင်ခဲ့ဖူးတဲ့အထဲမှာ ဆီဗီလာက ၃ပွဲနိုင်၊ ၂ပွဲ သရေကျပြီး ယူနိုက်တက်က ၁ပွဲသာ အနိုင်ရထားတာ ဖြစ်ပါတယ်။

သိထားသင့်တဲ့ အချက်အလက်များ

– ဆီဗီလာဟာ အဓိက ဥရောပပြိုင်ပွဲတွေမှာ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ကြိမ်မှာ ၂ပွဲနိုင်၊ ၂ပွဲသရေကျပြီး တခါမှ မရှုံးခဲ့ပါဘူး။ နောက်ဆုံး ကစားခဲ့တဲ့ သူတို့ရဲ့ အိမ်ကွင်းမှာတော့ သရဲနီတွေနဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

– ယူနိုက်တက်ဟာ ဆီဗီလာနဲ့ ဥရောပပြိုင်ပွဲတွေ့ဆုံမှုမှာ ၄ပွဲဆက် နိုင်ပွဲပျောက်နေတာဟာ သူတို့ရဲ့ ဥရောပ သမိုင်းမှတ်တမ်းထဲ ပွဲအများဆုံးနိုင်ပွဲပျောက်မှု ဖြစ်ပါတယ်။

– ဆီဗီလာဟာ ယူရိုပါလိဂ်မှာ နောက်ဆုံး အိမ်ကွင်း ၂၆ပွဲအတွင်း ၂၃ပွဲ အနိုင်ရ၊ ၂ပွဲသရေကျပြီး၊ ၁ပွဲသာ ရှုံးနိမ့် ခဲ့ပါတယ်။

– ယူနိုက်တက်ဟာ ယူရိုပါလိဂ် ရှုံးထွက်အဆင့် နောက်ဆုံးအဝေးကွင်း ၁၂ပွဲမှာ ၁ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပြီး အဲ့ဒီ့ပွဲကတော့ ၂၀၂၁ မေလမှာ ရိုးမားကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တာပါ။

– ဟိုဆေးလူးဝစ် မန်ဒီလီဘာဟာ ယူရိုပါလိဂ်မှာ ဆီဗီလာအတွက် သူ့ရဲ့ ပထမဆုံး အိမ်ကွင်းပွဲကို ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပါ။ ဆီဗီလာရဲ့ နောက်ဆုံး နည်းပြ ၆ယောက်ထဲက ၅ယောက်ဟာ ပထမဆုံး ယူရိုပါလိဂ် အိမ်ကွင်းပွဲတွေကို အနိုင်ယူပေးထားပါတယ်။