မန်ချက်စတာ ယူနိုက်တက်က ဖာနန်ဒက်စ်ကိုလည်း ရာသီကုန်ထိ လက်လွှတ် ဆုံးရှုံးရဦးမှာလား

မန်ချက်စတာ ယူနိုက်တက် အားထားနေရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဓာတ်ပုံတစ်ပုံကို ၎င်းရဲ့ ဇနီး ဖြစ်သူက အင်စတာဂရမ်မှာ တင်လိုက်တာကြောင့် ပေါ်တူဂီသားကို ဒီရာသီမှာ မန်ယူနဲ့ အတူ မမြင်ရတော့ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေကြပါတယ်။

ဖာနန်ဒက်စ် ရဲ့ ဇနီး အေနာပင်ဟိုက သူ့ယောက်ျား ဆိုဖာပေါ်မှာ ထိုင် အနားယူနေတာကို ဓာတ်ပုံ ရိုက်ပြီး တင်ခဲ့တာ ဖြစ်ပေမဲ့ အဲဒီဓာတ်ပုံထဲမှာဆိုရင် ဖာနန်ဒက်စ် ရဲ့ဘေးမှာ ချိုင်းထောက်တွေ၊ ခြေထောက် အကာအကွယ် ဖိနပ်တွေနဲ့ ဒဏ်ရာသက်သာစေမယ့် ခြေအိတ်တွေကို တွေ့ခဲ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူ ဖာ နန်ဒက်စ်ဟာ ဝင်ဘလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ခြေချင်းဝတ် ဒဏ်ရာ ရသွားခဲ့တာပါ။

ထိုပွဲမှာ သူဟာ မန်ယူ အသင်း အတွက် ပွဲချိန် ၁၀၁ မိနစ် အထိ ကစားပေးခဲ့သူဖြစ်ပြီး အဲဒီနောက်မှာတော့ တိုက်စစ်မှူး ဗက်ဟော့တ်နဲ့ လူစားလဲခံလိုက်ရသူဖြစ်ပါတယ်။

ESPN သတင်းဌာနရဲ့ အဆိုအရတော့ နည်းပြ အဲရစ်တန်ဟတ်ဟာ ဖာနန်ဒက်စ်ကို ဘရိုက်တန်နဲ့ပွဲစဉ် ပထမပိုင်း ကတည်းက လူစားလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒါပေမဲ့ ပေါ်တူဂီသား က သူ့သဘောနဲ့သူ ကွင်းထဲမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပေါ်တူဂီသားရဲ့ မိန်းမဖြစ်သူ တင်လိုက်တဲ့ ပို့စ်ကြောင့် သရဲနီပရိသတ်တွေ ဂယက်ထသွားပြီး သူတို့ရဲ့ ကွင်းလယ်လူကို တစ်ရာသီလုံး ဆုံးရှုံးရတော့မယ်လို့ ပြောတဲ့သူက ပြောနေကြပြီဖြစ်ပါတယ်။

မန်ယူအသင်း ကွင်းလယ်လူ တစ်ယောက်ဖြစ်တဲ့ အဲရစ်ဆင် ဒဏ်ရာရတုန်းကဆိုရင်လည်း အဲဒီလိုမျိုး ချိုင်းထောက်နဲ့ မြင်တွေ့ လိုက်ရပြီးတဲ့နောက် ၃ လနီးပါး အနားယူခဲ့ရတဲ့ အခြေအနေမျိုးရှိနေပါတယ်။

လက်ရှိမှာ ဖာနန်ဒက်စ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး မန်ယူအသင်း ဘက်ကနေ တရားဝင် သတင်းအတိအကျ ထုတ်ပြန်တာမျိုး မရှိပေမဲ့လည်း ကြာသပတေးနေ့မှာ ကစားမယ့် စပါးနဲ့ ပွဲစဉ်ကို သေချာပေါက် လွဲချော်မှာ ဖြစ်တယ်လို့ အင်္ဂလန် သတင်းတစ်ရပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ အဓိက နောက်ခံလူ အတွဲဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းတို့ကိုလည်း ဒဏ်ရာတွေကြောင့် ဆုံးရှုံးပြီး အထိနာနေရပါတယ်။