ကာဆီမီရို ကို နံပါတ် တစ် ပစ်မှတ် အဖြစ် ချိန်လာတဲ့ ဘိုင်ယန်နည်းပြ တူချယ်၊ မန်ယူရဲ့ ဖြစ်နိုင်ဖွယ် ပလန်

ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်လ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ခံစစ် အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ကာဆီမီရို ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

တူချယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် ကွင်းလယ်ပိုင်းမှာ အတော်လေး အားနည်းနေပြီး ဘိုင်ယန်မြူးနစ်ဟာ ဂေါ်ရက်ဇ်ကာ ၊ ကင်းမစ်ချ် ၊ ဂရာဗန်ဘက် ၊ မူစီအာလာ စတဲ့ ကွင်းလယ်လူ ၄ဦးကိုသာ ပိုင်ဆိုင်ထားကာ အဆိုပါ ၄ဦးထဲမှာ ကွင်းလယ်ခံစစ် ကစားသမား တဦးမှ မပါဝင်ပါဘူး။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါကြောင့် တူချယ်လ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမား တဦးကို အသင်းဆီ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး ဒီအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့ဆီလည်း တင်ပြထားပါတယ်။

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Kickerရဲ့ ဖော်ပြချက်အရ တူချယ်လ်က အသက် အရွယ်အရရော ၊ ခြေစွမ်းအရပါ အကောင်းဆုံး အနေအထား တရပ်ကို ရောက်ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကာဆီမီရိုကို သူ့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ကစားသမားအား စည်းရုံးမှုတွေ လုပ်ဆောင်ဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကာဆီမီရို က ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

သူဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ကာဆီမီရိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင်တို့နဲ့ အတွဲညီကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ဘိုင်ယန်မြူးနစ်ကသာ ကတ်စ်မဲရိုးကို ယူရို ၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် မန်ယူက ၎င်းကို ရောင်းချကာ ဘရိုက်တန် ကွင်းလယ်ခံစစ် ကစားသမား ကိုင်စီဒိုကို ပြန်ခေါ်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။