စပါးကို ဂိုးပြတ် ဦးဆောင်ပြီးမှ မနိုင်ခဲ့တဲ့ အတွက် မန်ယူ အသင်းသားတွေအား တန်ဟက် ပြစ်တင် ပြောဆို
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် စပါးကို အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရကာ သရေကျခဲ့ပြီးနောက် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု အတွက် စိတ်ပျက်နေပါတယ်။
စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ချန်ပီယံလိဂ်ဝင်ခွင့်လုဘက်တွေ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ အနိုင်ရရှိရေး အတွက် အားကုန် ကြိုးစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ပထမပိုင်းမှာတင် ဆန်ချိုနဲ့ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဝ-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်က အနိုင်ရရှိဖို့ အတွက် နီးစပ်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အိမ်ရှင် စပါးက မှန်ကန်တဲ့ လူစားလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့တာကြောင့် မန်ယူကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပေါ်ရိုနဲ့ ဆွန်ဟောင်မင်တို့က စပါးအတွက် ချေပဂိုးတွေကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ကာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ နှစ်သင်းစလုံးဟာ ရမှတ် ၁မှတ်စီ ခွဲယူခဲ့ကြပါတယ်။
၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ သရေပြန်ကျခဲ့တာဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အတော်လေး နစ်နာခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ တန်ဟက်ဂ်ကတော့ ပွဲပြီးဆုံးချိန်မှာ သူ့အသင်းရဲ့ ကစားသမား တချို့ဟာ ၉၀ရာခိုင်နှုန်းလောက်ပဲ ပေးဆပ် ကစားနေကြတယ်လို့ ဆိုကာ ကစားသမားတွေကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
တန်ဟက်ဂ်က – “၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ သရေပြန်ကျခဲ့လို့ အနည်းငယ်တော့ စိတ်ပျက်မိပါတယ်။ လူတိုင်းလည်း အဲ့ဒီလိုမျိုး ခံစားရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ၃-၁ ဆိုတဲ့ ရလဒ်မျိုးနဲ့ ဦးဆောင်နိုင်ဖို့ အခွင့်အရေး ရခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ၂-၂ ဆိုတဲ့ ရလဒ်ကလည်း လက်ခံနိုင်စရာ ရလဒ်မျိုးပါပဲ။ ကစားသမား တချို့ကတော့ ၉၀ရာခိုင်နှုန်း လောက်ပဲ ပေးဆပ်တာကို လုံလောက်ပြီလို့ ထင်နေကြပါတယ်။ ကျွန်တော်က အဲ့ဒါကိုတော့ အတော်လေး ဒေါသထွက်မိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။