မန်ချက်စတာဒါဘီမှာ မန်ယူက ၅ ဂိုးပြတ်ထိ ရှုံးသွားနိုင်တယ်လို့ ဖာဒီနန် သတိပေး
မန်ချက်စတာယူနိုက်တက် ဂန္တဝင် ခံစစ်မှူး ဖာဒီနန်က အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ မန်စီးတီးကို သွားကန်ရင် ဂိုးပြတ်သွားနိုင်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လာမယ်စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီး နဲ့မန်ချက်စတာဒါဘီ ကစားရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ (၂) ပွဲဆက်မှာ ခံစစ် (၃) ယောက်တန်း ကစားကွက်နဲ့ အဆင်ပြေနေတယ်ဆိုပေမယ့် အသင်းခေါင်းဆောင် မက်ဂွဲယားရဲ့ မတည်ငြိမ်မှုတွေကြောင့် ခံစစ်ပိုင်းအားနည်းမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

လက်စတာ၊ လီဗားပူးလ်၊ အတ္တလန်တာတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်ဟာ သွင်းဂိုး ၁၁ ဂိုးအထိ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါကြောင့်ယူနိုက်တက် ဂန္တဝင် ခံစစ်မှူး ဖာဒီနန်ကတော့ ယူနိုက်တက်အနေနဲ့ လက်ရှိ ခြေစွမ်းအတိုင်း ဆက်သွားမယ်ဆိုရင် လာမယ် မန်စီးတီး နဲ့ပွဲစဉ်မှာ ဂိုးပြတ်ရှုံးသွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဖာဒီနန်က “ အတ္တလန်တာနဲ့ပွဲစဉ် ဒုတိယပိုင်းတုန်းက ခြေစွမ်းနဲ့ မန်စီးတီးကို သွားကစားလို့ မရပါဘူး ၊ အဲတိုင်း ကစားခဲ့ရင် သေချာပေါက် ဂိုးပြတ်အသွင်းခံရမှာပါ၊ ၃-၄-၅ ဂိုးလောက်အထိပြတ်သွားနိုင်ပါတယ်။

ယူနိုက်တက် ရဲ့ကစားပုံဟာ ပြိုင်ဘက်ကို မလေးစားသလိုပါပဲ၊ ပေါ့ပျက်ပျက်လည်းနိုင်ပါတယ်၊ အားစိုက်ကစားတာမျိုးလည်း မရှိသလို၊ အချိတ်အဆက်တွေကလည်း ပြတ်နေပါတယ်။ မျှော်လင့်ချက်တစ်ခုတည်းနဲ့ ကစားနေသလိုပါပဲ၊ ရော်နယ်ဒိုကြောင့်သာ သူတို့ခံသာနေတာပါ၊ ရော်နယ်ဒိုရဲ့ ကောင်းတဲ့ အခိုက်အတန့်လေတွေကပဲ သူတို့ကို ကယ်တင်သွားခဲ့တာပါ” လို့ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အတွက် စိတ်ပူစရာ နောက်တစ်ခုကတော့ အတ္တလန်တာနဲ့ပွဲစဉ်မှာ ဒဏ်ရာပြန်လည်ရရှိသွားတဲ့ ဗာရန်းဟာ ၃၊ ၄ ပတ်ခန့် အနားယူရတော့မှာဖြစ်ပါတယ်။ ဒီရာသီမှာ ဗာရန်း ပါဝင်ကစားခွင့်ရရှိတဲ့ အချိန်တွေမှာ ယူနိုက်တက်ဟာ သွင်းဂိုး (၁) ဂိုးထက်ပိုပြီး ခွင့်ပြုပေးခဲ့ရတာမျိုး မရှိသေးပါဘူး။
ပွဲကျပ်ကာလတွေအဖြစ် ယူနိုက်တက်ဟာ ရှေ့လာမယ်ပွဲစဉ်တွေမှာ မန်စီးတီး၊ ဗီလာရီးရဲလ်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့ကို ဆက်တိုက် ကစားရမှာဖြစ်ပါတယ်။