မန်ယူ ကို ပိုင်ဆိုင်ခွင့်ရတာနဲ့ နာမည်ကြီး ကြယ်ပွင့်ကို ပထမဆုံး တန်းခေါ်မယ့် ကာတာ သူဌေးကြီး ရှိတ်ဂျာဆင်

ကာတာ ဘဏ်လုပ်ငန်းရှင် သူဌေးကြီး ရှိတ်ဂျာဆင် က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီး အိုးလ်ထရက်ဖို့ဒ်ကို အလုံးစုံ ထိန်းချုပ်ဖို့ အဆင်ပြေသွားပြီဆိုရင် နာမည်ကြီး ကြယ်ပွင့် ကစားသမားကို အရင် ဝယ်ယူပေးမှာ ဖြစ်ပါတယ်။

ကာတာ သူဌေးကြီးကတော့ သူ သာ ပိုင်ရှင်ဖြစ်ရင် မန်ယူကို ပထမဆုံး ရောက်လာမယ့် ကစားသမားက နေမာဖြစ်ဖို့ သေချာနေပြီလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်းကို အလုံးစုံ ပိုင်ဆိုင်ဖို့အတွက် ကာတာ ဘဏ်သူဌေး ရှိတ်ဂျာဆင်နဲ့ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရက်ကလစ်ဖ်တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ တတိယအကြိမ် ကမ်းလှမ်းမှု ကိုယ်စီ လုပ်ခဲ့ကြပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ အိုးလ်ထရက်ဖို့ကို လက်ဝယ်ပိုင်ပိုင် ရရှိဖို့ကတော့ အရှေ့အလယ်ပိုင်းဒေသက လုပ်ငန်းရှင်ဖြစ်နေပြီး နှာတစ်ဖျား သာနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ရှိတ်ဂျာဆင်ဟာ မန်ယူ ကို အလုံးစုံ ပိုင်ဆိုင်နိုင်ဖို့အတွက် ပေါင် ၅.၅ ဘီလီယံအထိပေးပြီး ကမ်းလှမ်း ခဲ့တဲ့အပြင် အိုးလ်ထရက်ဖို့ဒ်နဲ့ သက်ဆိုင်တဲ့ အခြေခံအဆောက်အအုံပိုင်း အားလုံးကို ပြုပြင်မွမ်းမံဖို့အတွက် အပိုထပ်ဆောင်း ရန်ပုံငွေပါ တစ်ပါတည်း ပေါင်းပြီး ကမ်းလှမ်းခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းစဉ်တွေထဲမှာဆို ရင် မန်ယူကစားသမားတွေရဲ့ ခိုနားရာတစ်ခုဖြစ်တဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို အကြီးစား ပြင်ဆင်မှုလုပ်ပေးမယ်ဆိုတဲ့ အချက်မျိုးလည်း ပါဝင်နေပါတယ်။

ဒါကြောင့် ကာတာသူဌေးဟာ မန်ယူကို အလုံးစုံ ပိုင်ဆိုင်ဖို့အတွက် အရမ်းကို နီးစပ်နေတဲ့သူဖြစ်နေတာပါ။ တကယ်လို့ ယူနိုက်တက်ကို ရှိတ်ဂျာဆင်သာ ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့ ပီအက်စ်ဂျီ တိုက်စစ်မှူးဖြစ်တဲ့ နေမာကို မန်ယူဂျာစီနဲ့အတူ မျက်နှာသစ် ကစားသမားအဖြစ် မြင်ရတော့မှာ ဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဆိုပါတယ်။

ပြီးခဲတဲ့ ၂၀၁၇ ခုနှစ်မှာ ပီအက်စ်ဂျီကို ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ရောက်လာခဲ့တဲ့ နေမာဟာ ပဲရစ်ကလပ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေသေးသူပါ။

ဒါပေမဲ့လည်း အသင်းဖော်တိုက်စစ်မှူး အမ်ဘာပေနဲ့ မပြေလည်တဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့အတွက် မန်ယူရဲ့ ဆွဲဆောင်မှုကို စိတ်ဝင်စားလာနိုင်တဲ့ အခြေအနေမျိုး ရှိပါတယ်။

ပီအက်စ်ဂျီမှာ တစ်ပတ်လုပ်ခ ပေါင် ၄၉၀၀၀၀ ရနေတဲ့ နေမာအတွက် မန်ယူရဲ့ လက်ရှိ ဘဏ္ဍာရေး အခြေအနေဟာ ပြဿနာရှိနေပေမဲ့လည်း ရှိတ်ဂျာဆင် ပိုင်ဆိုင်သွားပြီဆိုရင်တော့ ရန်ပုံငွေအင်အား တောင့်တင်းလာမှာ ဖြစ်တဲ့အတွက် ငွေရေးကြေးရေးက ပြဿနာ မဟုတ်နိုင်တော့ပါဘူး။

မန်ယူကို အကြွေးကင်းတဲ့ အသင်းအဖြစ် ဖန်တီးပြီး စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ ရန်ပုံငွေမျိုး ထည့်ပေးထားမယ် ဆိုတဲ့ ရှိတ်ဂျာဆင်ရဲ့ မဲဆွယ်စည်းရုံးရေး လှုံ့ဆော်မှုကိုတော့ လက်ရှိမှာ သရဲနီ ပရိတ်တွေ သဘောတွေ့နေကြပါတယ်။