မန်ယူအတွက် ဗန်ဒီဘိခ် ပြန်လာတော့မည်၊ ထင်ထားတာထက် ပိုစောမည်

ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရတဲ့ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့ ဒဏ်ရာ အနေအထားက အတော် တိုးတက်မှုရှိလာပြီဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် အဆင့်(၄)ဝင်ခွင့်ရဖို့၊ FA ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ အတွက် တိုက်ပွဲဝင်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်(၃၂)ပွဲကစားအပြီးမှာ (၆၃)မှတ်ရရှိထားတဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွ့င်ရဖို့ ရာနှုန်းပြည့်နီးပါးသေချာနေပါပြီ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းမှာ ဒဏ်ရာရကစားသမားတချို့ရှိနေပြီး အဓိက နောက်ခံလူနှစ်ဦးဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာရန်းတို့ လက်ရှိအချိန်မှာ အနားယူနေရပါတယ်။

မာတီနက်ဇ်ဟာ ခြေချောင်းရိုးကျိုးတဲ့ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာဖြစ်ပေမယ့် ဗာရန်းကတော့ ဒဏ်ရာ သက်သာ လာပြီဖြစ်လို့ မန်စီးတီးနဲ့ FA ဖလားဗိုလ်လုပွဲမတိုင်ခင် ဘောလုံးပြန်ကစားနိုင်ဖို့ရှိပါတယ်။

အခု ကွင်းလယ်လူ ဗန်ဒီဘိခ်ကလည်း သတ်မှတ်ထားတဲ့အချိန်ထက်စောပြီး ဒဏ်ရာအခြေအနေတိုးတက် လာတာကြောင့် ရာသီမကုန်ခင်မှာပဲ အသင်းအတွက်ပါဝင်ကစားဖို့ နီးစပ်နေပါပြီ။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် (၁၀)ပွဲသာ ကစားခဲ့ရပြီး ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရချိန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဘုန်းမောက်အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့လို့ လအတော်ကြာ အနားယူနေရပါတယ်။

အခုအချိန်မှာတော့ ဗန်ဒီဘိခ်ရဲ့ ဒဏ်ရာက သက်သာလာပြီဖြစ်တဲ့အတွက် မကြာခင် ဘောလုံးပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

MUTV နဲ့ အင်တာဗျူးမှာ ဗန်ဒီဘိခ်က “ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် အမြန်ဆုံးသက်သာလာအောင် အစွမ်းကုန် ကြိုးစားခဲ့ပြီး အခုအချိန်မှာ ကျွန်တော့်အခြေအနေက ကျေနပ် အားရစရာဖြစ်နေပါပြီ။

ဘောလုံးပြန်ကစားနိုင်မယ့်အချိန်အတိအကျ မပြောနိုင်သေးပေမယ့် ဘောလုံးကွင်းထဲကို ပြန်လည်ခြေချနိုင်အောင် ကျွန်တော်က လေ့ကျင့်ခန်းတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဘောလုံးကစားခွင့်ရဖို့ သိပ်မကြာလောက်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။