မက်ဂွိုင်းယား ခြေစွမ်း ကျသွားတာ ခင်ဗျားတို့ကြောင့်ပါ လို့ ပြန် လက်ညှိုးထိုးလိုက်တဲ့ မာတစ်
ရိုးမားရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ မာတစ်က သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ မက်ဂွိုင်းယားဟာ ဝေဖန်မှုတွေကြောင့်သာ ခြေကျသွားခဲ့တာပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
အသက် ၃၄နှစ် အရွယ် ဝါရင့် ဆားဘီးယား ကွင်းလယ်ခံစစ် ကစားသမား နီမန်ဂျာ မာတစ်က ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက် ကနေ ရိုးမားထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မာတစ်ဟာ ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ အထိ ပါဝင် ကစားပေးထားနိုင်သူပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တဖက်မှာတော့ အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရရှိထားပေမယ့် နောက်ဆုံး ၂ရာသီ အတွင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဝင်ကစားရတဲ့ ပွဲစဉ်တိုင်းမှာ အမှားအယွင်းတွေ လုပ်လေ့ ရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရသူပါ။
မန်ချက်စတာ ယူနိုက်တက်မှာ မက်ဂွိုင်းယားနဲ့ ၃ရာသီကြာ တွဲဖက် ကစားခဲ့ဖူးတဲ့ မာတစ်ကတော့ မက်ဂွိုင်းယားဟာ အရည်အချင်း ရှိတဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ကာ ဝေဖန်မှုတွေကြောင့်သာ အပြင်ကသူတွေ ဝေဖန်မှုကြောင့် ခြေစွမ်းကျဆင်းနေရတာပါလို့ ဝေဖန်သူတွေဘက် ပြန် လက်ညှိုးထိုး သွားခဲ့ပါတယ်။
မာတစ်က – “ခင်ဗျားမှာ ခြေစွမ်းမကောင်းတဲ့ ၂ပွဲ ၊ ၃ပွဲလောက် ရှိပြီ ဆိုတာနဲ့ လူတိုင်းက ခင်ဗျားကို ဝေဖန်ကြတော့ တာပါပဲ။ ဒါက ဒီနေ့ခေတ်ရဲ့ ပြဿနာပါ။
လူတိုင်းက မက်ဂွိုင်းယားကို ဝေဖန်နေကြတာကြောင့် မက်ဂွိုင်းယားရဲ့ ခြေစွမ်း ကျဆင်းသွားခဲ့တာလို့ မြင်ပါတယ်။ မက်ဂွိုင်းယားက ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ ကိုယ်လုပ်ရမယ့် အလုပ်တွေကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားနိုင်ဖို့ လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်က မက်ဂွိုင်းယားကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ ဆုံးဖြတ်ထားသလို မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် ရာထူးကိုလည်း အဓိက ကွင်းလယ်လူ ဖာနန်ဒက်ဆီ လွှဲပေးဖို့လည်း ပြင်ဆင်နေပါတယ်။