အက်ဖ်အေက ရှုံးကြွေးကို ဆပ်ချင်နေတဲ့ ဘရိုက်တန်ကြောင့် ဒီည လွယ်မှာ မဟုတ်တဲ့ မန်ယူရဲ့ ပွဲကြို သုံးသပ်ချက်
ဒီည ၁နာရီခွဲ အချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲကျန် တပွဲ ဖြစ်တဲ့ ဘရိုက်တန် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ပွဲကို ကစားသွားမှာပါ ။
သူတို့ ၂ သင်းဟာ ပြီးခဲ့တဲ့ FA Cup ဆီမီးဖိုင်နယ် အဆင့်မှာ ဆုံတွေ့ ထားကြပြီး အဲ့ဒီတုန်းက ယူနိုက်တက် က ဘရိုက်တန် ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူကာ ဗိုလ်လုပွဲကို တက်လှမ်း သွားခဲ့ ပါတယ်။
အခုပွဲ မတိုင်ခင်မှာ ဘရိုက်တန် က ဝုဗ် ကို ၆ ဂိုးသွင်းပြီး အနိုင် ကစားပြထားသလို မန်ယူနိုက်တက် ကလည်း ပုံစံကောင်း ပြနေတဲ့ အူနိုင်း အမ်မရီ ရဲ့ အက်စတွန် ဗီလာ ကို ၁-၀ နဲ့ အနိုင်ယူပြထားခဲ့ ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

လက်ရှိ မှာ ဘရိုက်တန် က အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ပွဲကျန်တွေ ရှိနေသေးတာကြောင့် ယူရိုပါလိဂ် ဝင်ခွင့်အထိ မျှော်လင့်လို့ ရနိုင်ပါတယ်။
မန်ယူနိုက်တက် ကတော့ အဆင့် ၄ မှာ ရှိနေပြီး ဒီနေ့ည ပွဲကို အနိုင် ကစားနိုင်မယ်ဆိုရင် အဆင့် ၃ ကို တက်လှမ်း နိုင်မှာ ဖြစ်ကာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အလားအလာ အများကြီး ကောင်းသွား နိုင်ပါတယ်။
ဒါပေမယ့် ယူနိုက်တက် အနိုင်ရဖို့ မလွယ်ပါဘူး။ ဘရိုက်တန် က အခု ရာသီမှာ အသင်းကြီးတွေနဲ့ မှတ်တမ်းတွေ အတော်လေး ကောင်းမွန်နေပါတယ်။ ယူနိုက်တက် ကိုလည်း မိနစ် ၉၀ အတွင်း မရှုံးထားသေးပါဘူး။ တပွဲနိုင် တပွဲသရေ ကစားထားတာပါ။
ယူနိုက်တက် က ဒီရာသီမှာ အိမ်ကွင်း မှတ်တမ်းတွေ ကောင်းမွန် လာခဲ့ပေမယ့် အဝေးကွင်း မှတ်တမ်းကတော့ ဆိုးရွားနေပါသေးတယ်။ အထူးသဖြင့် အဆင့် ၉ အတွင်းက အသင်းတွေရဲ့ ကွင်းတွေမှာ ရလဒ်တွေ ဆိုးရွားနေတာက အဲရစ် တန်ဟတ် ပြုပြင်ပေးရမယ့် ကိစ္စတခု ဖြစ်လာခဲ့ပါပြီ။
ဘရိုက်တန် ဘက်မှာ လမ့်ပ်တေး တယောက်သာ ဒဏ်ရာ ရနေတဲ့ အဓိက ကစားသမား အဖြစ် ရှိနေပါတယ်။ တိုက်စစ်မှူး အီဗန် ဖာဂူဆန် ကတော့ ပြန်ကောင်းလာပေမယ့် နည်းပြ ဒီဇာဘီ က စွန့်စားဖို့ အစီအစဉ် ရှိမယ် မထင်ပါဘူး။
ဝုဗ် နဲ့ ပွဲတုန်းက အနားပေးထားတဲ့ မီတိုမာ၊ မက် အလစ္စတာ၊ ကိုင်ဆီဒို တို့ အားလုံး အခုပွဲမှာ ပြန်ပါလာမှာ အသေအချာပါပဲ။ ဒီပွဲအတွက် ဒီဇာဘီ ဘယ်လောက် ပြင်ဆင်ထားသလဲ ဆိုတာ ဝုဗ် နဲ့ ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။
မန်ယူနိုက်တက် ဘက်မှာတော့ ဘရိုက်တန် ထက် ဒဏ်ရာ ကစားသမား ပိုများပါတယ်။ ဂါနာချို၊ မာတီနက်၊ ဗာရန်း တို့ ပါနိုင်ဦးမှာ မဟုတ်သလို တော်မီနေး လည်း ဝင် ကစားဖို့ မသေချာပါဘူး။

ကွင်းလယ်မှာ ရှုံးပွဲ မရှိသေးဘူးဆိုတဲ့ ကက်စမဲရိုး ၊ ဆာဘစ်ဇာ ၊ ဖာနန်ဒက်စ် အတွဲပဲ ပွဲထွက်လာမှာ ဖြစ်ပြီး တိုက်စစ်မှာတော့ ရက်ဖိုဒ့် ၊ အန်တိုနီ နဲ့ ဆန်ချို တို့ ကစားသွားဖွယ် ရှိပါတယ်။ ခံစစ်ကတော့ ဗီလာ ပွဲတုန်းက ပုံစံကောင်း ပြခဲ့တဲ့ လင်ဒီလော့ဖ် နဲ့ လုခ်ရှော တို့ အတွဲပဲ ဆက်ပါလာဦးမှာပါ။
ရာသီကုန်ခါနီးမှာ ယူနိုက်တက် တို့ ခြေကျလာပါတယ်။ ပွဲဆက်တွေ များခြင်းရဲ့ အကျိုးဆက်လို့ပဲ ဆိုရမှာပါ။ ဒုတိယပိုင်း မိနစ် ၆၀ အလွန်ကို ရောက်လာပြီဆိုရင် မန်ယူနိုက်တက် ကစားသမားတွေရဲ့ လုပ်အားနှုန်း၊ စုဖွဲ့မှုတွေ လျော့ကျလာပါတယ်။ ဒါကြောင့် ဆီဗီးလား ၊ စပါး နဲ့ ပွဲတွေ မှာ မပေးသင့်တဲ့ ဂိုးတွေ ပြန်ပေးခဲ့ရတာပါ။ ဒါကို လတ်တလော ဖြေရှင်းနိုင်ဖို့ လုံလောက်တဲ့ လူအင်အား ယူနိုက်တက် မှာ ရှိမနေပါဘူး။
ဘရိုက်တန် ကတော့ အိမ်ကွင်းလည်း ဖြစ်၊ ပုံစံကောင်းလည်း ရနေတဲ့ အသင်းပီပီ သူတို့ရဲ့ ကစားပုံ အတိုင်းပဲ ဆက် ကစားသွားမှာပါ။
ယူနိုက်တက် အနေနဲ့ FA Cup မှာတုန်းကလို ဘရိုက်တန် တိုက်စစ်ကို ထိန်းချုပ် နိုင်မယ်ဆိုရင်တော့ အမှတ် ကို အိမ်ပြန်သယ်သွား နိုင်မှာ ဖြစ်ပါတယ်။