မန်ယူကို ပင်နယ်တီနဲ့ နိုင်တာ အတွက် ဖလားရသလိုမျိုး ပွဲခံနေကြလို့ ဝေဖန်ခံနေရတဲ့ ဘရိုက်တန်
မနေ့ညက မန်ယူနဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် အဝတ်လဲခန်းထဲမှာ ဖလားရသလိုမျိုး အောင်ပွဲခံခဲ့တဲ့ ဘရိုက်တန် အသင်းရဲ့ လုပ်ရပ်ကို ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ကြာသပတေးညက ကစားခဲ့ တဲ့ ပွဲမှာ စင်ယော်တွေဟာ ပွဲချိန် ၉၀+၉ မိနစ်အရောက် မက်အယ်လီစတာရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အတူ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီနိုင်ပွဲကြောင့် နည်းပြ ဒီဇာဘီရဲ့ အသင်းဟာ လာမယ့်ဘောလုံးရာသီ ဥရောပ ဝင်ခွင့်နေရာအတွက် မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်ကတော့ လက်ကျန် ၅ ပွဲအနေအထားမှာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် သေချာအောင် ကြိုးစားရဦးမယ့် အခြေအနေကို ရောက်သွားခဲ့ပါတယ်။
ဒီပွဲရဲ့ အိပ်မက်ဆန်ဆန် အလှည့်အပြောင်းဟာ ပွဲပြီးခါနီး နာကျင်အချိန်ပို ဖြစ်ခဲ့ပြီး မန်ယူနောက်ခံလူ လုခ်ရှောက ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို ခေါင်းခုန်တိုက်ဖို့ ကြိုးစားရင်း လက်နဲ့ ထိသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ကွင်းလယ် ဒိုင်လူကြီး အန်ဒရီ မာရီနာက VAR ပြန်ကြည့်ခဲ့ပြီးတဲ့နောက် ပင်နယ်တီပြစ်ဒဏ်အဖြစ် ဆုံးဖြတ် ခဲ့တာပါ။ အဲဒီပင်နယ်တီကို ဘရိုက်တန်ရဲ့ အလက်ဆစ်မက်အယ်လီစတာက ဂိုးအဖြစ် ပြောင်းလဲလိုက်ပြီးတဲ့နောက် ဘရိုက်တန်က ၁-၀ ဂိုးနဲ့ အနိုင်ရသွား ခဲ့တာဖြစ်ပါတယ်။
ပွဲပြီးသွားတဲ့နောက်မှာတော့ နည်းပြ ဒီဇာဘီ အပါအဝင် ဘရိုက်တန်အသင်းသားအကုန်လုံးဟာ အဝတ်လဲခန်း ထဲမှာ ဖလားရသလိုမျိုး အောင်ပွဲခံခဲ့ပြီး အဲဒီရုပ်သံဖိုင်ဟာလည်း လူမှုကွန်ရက်ပေါ်ကို ချက်ချင်း ရောက်လာခဲ့ပါတယ်။
ဒါကြောင့် ဘရိုက်တန်ရဲ့ ဒီလုပ်ရပ်ကို ပရီးမီးယားလိဂ် ဖလားရသွားတာလားဆိုပြီး ဝေဖန်သံတွေ လူမှုကွန်ရက်ပေါ်မှာ တက်လာခဲ့ ပါတယ်။
” မန်ယူကို နိုင်တဲ့ နောက်ထပ် အဝတ်လဲခန်း ဗီဒီယို တစ်ခုပေါ့ ” လို့ ပရိသတ် တစ်ယောက်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒုတိယ တစ်ယောက်ကတော့ ” ဖလားလေး ဘာလေးတော့ တစ်နေရာရာမှာ ချထားရမှာပေါ့ဟ ” လို့ ရေးခဲ့ပါတယ်။
တတိယ တစ်ယောက်ကလည်း ” သူတို့က ပရီးမီးယားလိဂ် ဒါမှမဟုတ်ရင် တစ်ခုခုများ ဗိုလ်စွဲသွားတာလားဟ ” လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် တစ်ယောက်ကတော့ ” ရလဒ်ကောင်း တစ်ခုပါ။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ ဖလားရသလိုမျိုး အောင်ပွဲခံတာ မျိုးတော့ မလိုပါဘူး” လို့ ရေးခဲ့ပါတယ်။
နောက်ထပ် တခြားတစ်ယောက်ကလည်း ” သူတို့ က ဒီနေ့မှာ ဖလားရတာလား ” လို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။