ဒီည အိမ်ကွင်းမှာ မန်ယူကို အနိုင် ကစားပြမယ်လို့ သူ့ဖန်တွေအား ဒေးဗစ် မိုရက်စ် ကတိပေး

ဝက်စ်ဟမ်း အသင်း နည်းပြ ဖြစ်သူ ဒေးဗစ် မိုရက်စ်က သူတို့အသင်းဟာ ဒီရာသီမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ရလဒ်တွေ ဆိုးဝါးနေပေမယ့် ဒီနေ့ညမှာ ကစားရမယ့် မန်ယူနဲ့ ပွဲစဉ်မှာ အနိုင်ရအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သူ့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ် ၊ ဘိုဝင် ၊ ပါကွေတာ ၊ ဖိုနယ် စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းတိုင်းကို အခက်အခဲ ဖြစ်အောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဝက်စ်ဟမ်းက ဒီရာသီမှာ စပါး ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ် စတဲ့ အသင်းတွေကို အိမ်ကွင်းမှာ သရေကျအောင် ကစားထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ ဝက်စ်ဟမ်းက သရေတမှတ် ရယူနိုင်လိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေတာပါ။

မိုရက်စ်ကတော့ သူတို့အသင်းဟာ ဒီရာသီမှာ ကြီး ၆ကြီး အသင်းတွေထဲက တသင်းကိုမှ မနိုင်သေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူကာ သူတို့အသင်းရဲ့ မှတ်တမ်းဆိုးကို ချိုးဖျက်မယ်လို့ ဆိုလာပါတယ်။

မိုရက်စ်က – “ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အသင်းကြီးတွေကို အနိုင်ယူနိုင်တဲ့ အနေအထားမျိုးမှာ ရှိခဲ့သလို အမှန်တကယ်လည်း ကျွန်တော်တို့က အသင်းကြီးတွေကို အနိုင် ကစားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့က ခြေစွမ်းကောင်းကောင်းနဲ့ အသင်းကြီးတွေကို ယှဉ်ကစားနိုင်ခဲ့တဲ့ ပွဲတွေ ရှိသလို ခြေစွမ်းခြင်း မယှဉ်နိုင်လို့ အရှုံးပေးခဲ့ရတဲ့ ပွဲတွေလည်း ရှိပါတယ်။ ကျွန်တော်က ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးကို အနိုင်ရခဲ့တဲ့ ပွဲကို အခုချိန် အထိ မှတ်မိနေဆဲပါပဲ။

ဒီရာသီမှာတော့ ကျွန်တော်တို့က ပြီးခဲ့တဲ့ရာသီရဲ့ ခြေစွမ်းမျိုးကို ပြန်မရသေးပါဘူး။ ကျွန်တော်တို့က ခြေစွမ်းကျ သွားတယ်လို့ မထင်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အရင်လို ခြေစွမ်းမျိုး ပြန်ရအောင် အစွမ်းကုန် ကြိုးစားနေလို့ပါ။

ကျွန်တော်တို့ရဲ့ ခြေစွမ်းက ရာသီအစတုန်းကထက် ပိုကောင်းလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီညပွဲမှာ ယူနိုက်တက် ကို အနိုင် ကစားသွားဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ ပွဲတုန်း ကလည်း ကောင်းမွန်တဲ့ ခြေစွမ်းတရပ်နဲ့ ယူနိုက်တက်ကို ယှဉ်ကစားနိုင်ခဲ့တယ်လေ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

လန်ဒန်မြို့ အခြေစိုက်အသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းက ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပေမယ့် ဥရောပပြိုင်ပွဲ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာတော့ ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိထားပြီး ဆီမီးဖိုင်နယ် အထိ တက်လှမ်းထားနိုင်ပါတယ်။