အပြောမတတ်လို့ မန်ယူ ပရိသတ်တွေရဲ့ အမျက်ဒေါသကို ရင်ဆိုင်နေရပြီ ဖြစ်တဲ့ ဝိန်းရွန်းနီ
မန်ချက်စတာ ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ရွန်းနီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူရုံတင်မဟုတ်ဘဲ အပြတ် ချေမှုန်းသွားလိမ့်မယ်လို့ ပြောကြားခဲ့တဲ့နောက် မန်ယူ ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိအချိန်မှာ ဒီစီယူနိုက်တက်ရဲ့နည်းပြချုပ်အဖြစ် ဆောင်ရွက်နေတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းကြီးက ဒီအပတ် ရီးရဲလ်နဲ့ မန်စီးတီးပွဲအတွက် ခုလို မှတ်ချက်ပြုခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

“မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူရုံတင်မဟုတ်ပါဘူး။ သူတို့ကိုပါ ဖျက်ဆီးသွားမှာပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းကြောင်းနဲ့ အတွေ့အကြုံတွေကို ခင်ဗျားတို့ ဘယ်တော့မှ လျှော့တွက်လို့မရပါဘူး”
“ဒါပေမယ့် ကျွန်တော်သာဆိုရင် ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ဘက်က ပိုက်ဆံထည့်မှာ မဟုတ်ပါဘူး။ ဒီနှစ်က မန်စီးတီးနှစ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မန်ယူရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီးဟာ လက်ရှိအချိန်မှာ ဆုဖလား သုံးလုံး လမ်းကြောင်းပေါ် ရောက်ရှိနေပြီး မန်ယူနိုက်တက်ရဲ့ စံချိန်မှတ်တမ်းတွေကို လိုက်မီဖို့ ကြိုးစားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ (၁၉၉၉) ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ဒါမျိုး စွမ်းဆောင်နိုင်ခဲ့တာကလည်း အင်္ဂလန်မှာ သူတို့တစ်သင်းပဲရှိပါတယ်။
ဒီနှစ်မှာတော့ မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်၊ အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိနေပါတယ်။
အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ သူတို့နဲ့ ထိပ်တိုက်တွေ့မယ့် မန်စီးတီးကို တားဆီးဖို့ မျှော်လင့်နေသလို ချန်ပီယံလိဂ်မရဖူးတဲ့ မန်စီးတီး ချန်ပီယံလိဂ်ဖလားရလာမှာကိုလည်း အများစုက မလိုလားကြပါဘူး။
ဒီလိုအချိန်မျိုးမှာ ဒီနှစ်က မြို့ခံပြိုင်ဘက်မန်စီးတီးရဲ့နှစ်ဖြစ်မယ်လို့ ပြောခဲ့တဲ့ ရွန်းနီရဲ့ပြောစကားက မန် ယူနိုက်တက် ပရိသတ်တွေရဲ့ဒေါသကို ဆွပေးသလိုဖြစ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက –
“ရွန်းနီက အခုထိရော ယူနိုက်တက်ပရိသတ် ဟုတ်သေးရဲ့လား။ အရင်ကလည်း သူက ဂလေဇာတို့ အသင်းအတွက် အလုပ်ကောင်းကောင်းလုပ်နေတယ်ဆိုပြီး အဓိပ္ပာယ်မရှိတာတွေ ပြောခဲ့ပါသေးတယ်”
“ယူနိုက်တက်ပရိသတ်တွေရဲ့အကောင့်က ဒီအကြောင်းကို မတင်တာ ရယ်စရာပါ။ တကယ်လို့ သူ့နေရာမှာ ရော်နယ်ဒိုကသာ ဒါမျိုးပြောခဲ့ရင် စက္ကန့်ပိုင်းအတွင်းကို အပြိုင်အဆိုင် တင်နေကြမှာပါ။ ရွန်းနီက အခြားသူတွေ ထက်တောင် ယူနိုက်တက်ကို မလေးမစားလုပ်ခဲ့ပါတယ်”
“ယူနိုက်တက်သမိုင်းမှာ အကြီးမားဆုံး နောက်ကျောဓားနဲ့ထိုးမှုပဲ” “ဝက်ဇာ (ရွန်းနီ) ရေ။ ခင်ဗျားမူးနေပြီလား” အစရှိသဖြင့် အမျိုးမျိုး ဝေဖန်ပြောကြားခဲ့ကြပါတယ်။