ဒီဂီယာနဲ့ အတူ သူ့ အနာဂတ်ကိုပါ လောင်းကြေးထပ်ပြီး စွန့်စားဦးမယ့် မန်ယူ နည်းပြ တန်ဟတ်
ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသမား ဒီဂီယာရဲ့ ပေါ့ဆမှုကြောင့် မန်ယူအသင်း ဂိုးပေးလိုက်ရတော့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ယောက် လက်နှစ်ဖက်စလုံး ခေါင်းပေါ်တင်ပြီး ကွင်းဘေးစည်းမှာရှိနေတဲ့ နည်းပြအဲရစ်တန်ဟတ်ကို ဆွံ့ဆွံ့အအနဲ့ လှမ်းကြည့်နေတဲ့ပုံဟာ ဒီသီတင်းပတ်အတွက်တော့ မန်ချက်စတာမြို့အတွက် ဓာတ်ပုံသတင်းတစ်ခု ဖြစ်ခဲ့တယ်။
စပိန်သားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ကြီးမားတဲ့ အမှားကြီး ၄ ခု ကျူးလွန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ စပါးအသင်းရဲ့ ဂိုးသမား အယ်လ်လိုရစ်တစ်ယောက် ဒီရာသီ လုပ်ခဲ့တဲ့ အမှားကျူးလွန်မှု အရေအတွက်နဲ့ အတူတူပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

လန်ဒန်ကလပ်ကတော့ လိုရစ်ကို သည်းမခံနိုင်တော့တဲ့အတွက် အရန်ခုံ ပို့ပစ်လိုက်ပြီဖြစ်ပေမဲ့ မန်ယူနည်းပြ တန်ဟတ်ကတော့ ဒီဂီယာကို ယူနိုက်တက် ဂိုးပေါက်မှာ ဆက်ပြီး တာဝန်ပေးဦး မယ့် သဘောရှိနေပါတယ်။
အိုးလ်ထရက်ဖို့ဒ် အခြေစိုက် ကလပ်အတွက် နောက်ခံလူ ဗာရန်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့အတွဲက မဟာတံတိုင်းတစ်ခုလို ကာဆီး ထားပေးချိန်မှာတော့ ဒီဂီယာဟာ ပေးဂိုးမရှိ ပွဲတွေ အလီလီ ယူပြခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပရော်ဖက်ရှင်နယ်တစ်ယောက် မမှားသင့်တဲ့ အမှားမျိုးကို ဆက်တိုက်နီးပါး ကျူးလွန်သလို ဖြစ်လာနေပါတယ်။
ဒါပေမဲ့ ဒီဂီယာကို အသင်းမှာ ဆက်နေစေချင်ပြီး စာချုပ်သက်တမ်း တိုးမယ်လို့ တန်ဟတ်က ပြောလိုက်ပါပြီ။ အက်ဖ်အေဖလား ဗိုလ်လုပွဲ အပါအဝင် ရာသီပြီးဖို့ ၅ ပွဲပဲ ကျန် တော့တဲ့အချိန်မှာ တန်ဟတ်ဟာ သူ့ရဲ့ အချစ်တော် ဂိုးသမားကို ယုံကြည်မှု ပျောက်မသွားအောင် ကာကွယ်ပေးနေတဲ့ ပုံစံပါပဲ။
သီအိုရီအရ ကြည့်မယ် ဆိုရင်တော့ ဒီဂီယာဟာ မန်ယူရဲ့ နံပါတ် ၁ ဂျာစီကို နောက်ထပ် တစ်နှစ် ဝတ်ဆင်ခွင့် ရဦးမှာပါ။ ဒါပေမဲ့ စပိန်သား လုပ်နေတဲ့ အမှားတွေကတော့ မန်ချက်စတာ ယူနိုက်တက်ကို လာမယ့် နွေဈေးကွက်မှာ ဒေါင်ဒေါင်မြည် ဂိုးသမား တစ်ယောက် ခေါ်ယူဖို့အတွက် တွန်းအားပေးသလို ဖြစ်နေပါတယ်။
မန်ယူဟာ ဒီဂီယာရဲ့ နေရာကို ဒိန်းဟန်ဒါဆင်နဲ့ အစားထိုးမယ်လို့ သတင်းထွက်နေပေ မဲ့လည်း နော်တင်ဟမ် ဂိုးသမားဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ စာမျက်နှာမှာ ပရိုဖိုင် အဖြစ်သုံးလို့ရမယ့် ပုံရိပ်မျိုး မဟုတ်သေးပါဘူး။
ဒါကြောင့် မန်ယူအသင်း အတွက် တိကျသေချာတဲ့ အပြောင်းအရွှေ့ အသုံးစရိတ် ပမာဏ မရခင် စပ်ကြား မှာ နယ်သာလန်သားနည်းပြဟာ ဒီဂီယာကိုပဲ ဆက်ပြီး သုံးနေဦးမယ့်ပုံစံမျိုး ရှိနေပါတယ်။
လာမယ့်နွေ တန်ဟတ်ရဲ့ ဦးစားပေး ကိစ္စက တိုက်စစ်မှုး ခေါ်ယူဖို့ဖြစ်နေတာကြောင့် ဂိုးသမား ဝယ်ဖို့ ငွေသုံးဦးမှာ မဟုတ်ပါဘူး။
ဒီအတွက် စပိန်သားကို စာချုပ်သက်တမ်း တစ်နှစ်တိုးပြီး အသင်းမှာ ဆက်ထားမယ်ဆိုရင်တော့ နည်းပြ တန်ဟတ်ဟာ လာမယ့် ဘောလုံးရာသီကို မီးနဲ့ ကစားတော့မယ့် သဘောရှိနေပြီး သူ့ရဲ့ အနာဂတ်ကိုပါ လောင်းကြေးထပ်ရတော့မယ့် အနေအထား ဖြစ်လာပါတော့မယ်။