မန်ယူ ပွဲထွက် လူစာရင်းကို တုတ်နဲ့ ထိုးမယ့် ကောင်လေး လာပြီ လို့ တန်ဟက် အမွှန်းတင်ချက်

ဝုဗ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအသင်းအတွက် ဒုတိယဂိုးသွင်းပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အလက်ဂျန်ဒရို ဂါနာချိုဟာ ပထမ ဦးစားပေး ၁၁ ယောက် လူစာရင်းကို တုတ်နဲ့ထိုးမယ့်ကောင် ဖြစ်လာပြီလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောဆိုခဲ့ပါတယ်။

ဒဏ်ရာကြောင့် ၂ လလောက် အနားယူနေရတဲ့ ဂါနာချိုတစ်ယောက် စနေညက ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ဝင်လာခဲ့ပြီးတဲ့နောက် သရဲနီ ပရိသတ်တွေ လက်ခုပ်တီးပြီး အားပေးတာ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

နောက်ပြီး အာဂျင်တီးနားသားဟာ ပွဲချိန် ၉၀+၄ မိနစ်မှာ ယူနိုက်တက်အတွက် အနိုင်သေချာစေတဲ့ ဂိုးကို ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေတစ်ဆင့် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ်ပဲ ရှိနေသေးပေမဲ့ ယူနိုက်တက်အတွက် ပွဲပေါင်း ၃၀ အထိ ကစားခွင့် ရနေပြီဖြစ်တဲ့ ဂါနာချိုဟာ နည်းပြတန်ဟတ်ရဲ့ လက်အောက်မှာ အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါပြီ။

အခုလိုမျိုး ယူနိုက်တက်အတွက် အဆင့် ၄ မျှော်လင့်ချက် ရှင်သန်ရေးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရတော့မယ့် အချိန်ကောင်းမှာ ဂါနာချိုတစ်ယောက် ပြန်လာနိုင်လို့ နယ်သာ လန်သားနည်းပြကလည်း အရမ်းကို ကျေနပ်နေပါတယ်။

” ဂါနာချိုကို အကုန် လုံး တွေ့ကြမှာပေါ့။ သူက ဝင်လာပြီး အကောင်းဆုံးနီးပါး လုပ်ပြသွားခဲ့တယ်။ နောက်ပြီး သူ့ကို ယုံကြည်မှုပေးတဲ့ အကောင်းဆုံး သွင်းဂိုး တစ်ဂိုးလည်း သွင်းပြခဲ့တယ်။

ဒါဟာ ကျွန်တော်တို့အတွက် ရာသီအကုန်အထိ အကျိုးရှိစေတာပါ။ သူပြန်လာပြီဆိုတော့ ထူးခြားတာ လုပ်ပြနိုင်ပြီပေါ့။ ပါရမီရှင်ဆိုတဲ့ ရှုထောင့်တစ်ခု ဘက်ကနေ ကြည့်မယ်ဆိုရင် သူတို့ဟာ ရင့်ကျက်လာကြတယ်။

ပထမတစ်ချက်က သူတို့ဟာ တာဝန်ကျေတယ်။ ဒုတိယက ပြိုင်ဘက်တွေအပေါ် လွှမ်းမိုးပြီး ကျွမ်းကျင်မှုတွေနဲ့အတူ လုပ်ပြနိုင်ဖို့ သူတို့မှာ ယုံကြည်မှုတွေရှိတယ်။ အခု အဲဒါကို သူ ထပ်ပြီး လုပ်ပြတယ်။ သူက ပွဲ တော်တော်များများမှာ ထူးခြားတာတွေ လုပ်ပြခဲ့ပြီးသားပါ။

ဦးစားပေး ပွဲထွက်ခွင့် ရသည်ဖြစ်စေ၊ အရန်အနေနဲ့ ဝင်ကစားရသည်ဖြစ်စေ။ သူက ပွဲကို တည့်တည့်ကြီး ဝင်တိုးတာပဲ။ အဲဒါက အသင်းအတွက် တကယ်ကို အရေးကြီးတာဗျ။ လူငယ်တွေကို နေရာပေးရလို့ ကျွန်တော် ပျော်တယ်။

ပထမ ဦး စားပေး ပွဲထွက်လူစာရင်းကို တုတ်နဲ့ ထိုးနိုင်တဲ့ အဆင့်မျိုးကို သူ မြန်မြန်ဆန်ဆန် ရောက်လာမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါက သူ့အတွက် နောက်တစ်ဆင့် စိန်ခေါ်မှု ဖြစ်နေလို့ပါ။ ” လို့ တန်ဟတ်က ဝုဗ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ဂါနာချိုနဲ့ ပတ်သက်ပြီး MUTV ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။