ဝေဖန်သံတွေ အမှားတွေ ကြားကပဲ ဒီရာသီ ရွှေလက်အိတ်ဆု ပိုက်သွားတဲ့ ဂိုးသမား ဒီဂီယာ
မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ် (၁) ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ရက်က ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့နောက် ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ရရှိဖို့ သေချာသွားခဲ့ပါတယ်။ ထိုပွဲမှာ ယူနိုက်တက်က မာရှယ်လ်၊ ဂါနာချိုတို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက်ပါ ပိုမိုနီးစပ်လာခဲ့ပြီး ဒီဂီယာကပါ အခုလိုမျိုး ရွှေလက်အိတ်ဆုကို ရရှိခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီဂီယာဟာ ရွှေလက်အိတ်ဆုကို ပေးဂိုးမရှိပွဲ (၁၆) ပွဲ နဲ့ ဒုတိယအကြိမ်မြောက်အဖြစ် ရရှိခဲ့တာဖြစ်ပြီး အနီးစပ်ဆုံး ဖြစ်တဲ့ ရမ်စ်ဒေးလ်၊ နစ်ပုပ်၊ အယ်လစ်ဆန်တို့အနေနဲ့ လက်ကျန် (၃) ပွဲလုံးမှာ ပေးဂိုးမရှိ စွမ်းဆောင်နိုင်ခဲ့သည့်တိုင် ဒီဂီယာကို ကျော်နိုင်တော့မှာမဟုတ်ပါဘူး။
အဆိုပါဂိုးသမားတွေဟာ လက်ရှိအချိန်မှာ ပေးဂိုးမရှိပွဲ (၁၃) ပွဲရရှိအောင် စွမ်းဆောင်ထားပြီး ဒီဂီယာရဲ့နောက် ဒုတိယ နေရာမှာ အနီးစပ်ဆုံး ရပ်တည်နေကြတာပါ။ ဒီဂီယာဟာ ဒီရာသီမှာ နည်းပြတန်ဟက်ခ်ရဲ့ကစားပုံမှာ ပါဝင် မကစားနိုင်မှု၊ အမှားအယွင်း ကျူးလွန်မှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း ဒီဂီယာတစ်ယောက် ယူနိုက်တက်အတွက် အရေးပါတဲ့ ကာကွယ်မှုတွေကို ပြုလုပ် ပေးနေဆဲဖြစ်ပြီး အခုချိန်မှာတော့ ဒီရာသီအတွက် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒီဂီယာအနေနဲ့ လာမယ့်ရာသီမှာ ယူနိုက်တက်ရဲ့ နံပါတ် (၁) ဂိုးသမားနေရာကိုပါ ဆုံးရှုံးနိုင်ကြောင်း သတင်း ထွက်နေပါတယ်။
ဒါပေမယ့် တန်ဟက် ကတော့ ဒီဂီယာကို စာချုပ်သက်တမ်းတိုးသွားမယ်လို့ ပြောဆိုထားပြီး ကစားသမားရဲ့ အနာဂတ်အတွက် အာမခံချက်ပေးထားပါတယ်။
တစ်ဖက်မှာတော့ ယူနိုက်တက်တို့ နံပါတ် (၁) ဂိုးသမားနေရာအတွက် ကစားသမားသစ်ရှာဖွေနေပြီး ဒီဂီယာအတွက်တော့ လာမယ့်ရာသီက ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် ရာသီလည်း ဖြစ်လာနိုင်ပါတယ်။