နွေဈေးကွက်တောင် မစရသေးခင် မန်ယူ က နောက်ခံလူသစ် ခေါ်ယူနိုင်ပြီ သတင်းထွက်လာ
မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းနောက်ခံလူ ကင်မင်ဂျေးကို ခေါ်ယူ စာချုပ်နိုင်ဖို့ နီးစပ်နေပြီလို့ သတင်းထွက်လာပါတယ်။
နေပယ်လ်မြို့အခြေစိုက် Il Mattino သတင်းစာက ကင်မင်ဂျေးဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပြီး နောက်ဆုံးအပြီးသတ် ဆောင်ရွက်စရာ ကိစ္စတချို့သာ ကျန်ရှိတော့တယ်လို့ ဖော်ပြခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါ့အပြင် နာပိုလီအသင်းဟာ ကင်မင်ဂျေးရဲ့နေရာမှာ အစားထိုးဖို့အတွက် နောက်ခံလူသစ်တစ်ဦး စတင် ရှာဖွေနေပြီဖြစ်ပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ တောင်ကိုရီးယားလက်ရွေးစင်ကစားသမား ကင်မင်ဂျေးဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ နာပိုလီအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၁၉၈၉-၉၀ ရာသီနောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။
ကင်မင်ဂျေးရဲ့ ခြေစွမ်းပြမှုနဲ့အတူ နာပိုလီအသင်းဟာ စီးရီးအေမှာ (၃၅)ပွဲကစား၊ (၂၅)ဂိုးသာပေးခဲ့ရပြီး ပေးဂိုး အနည်းဆုံး အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒီရာသီပြိုင်ပွဲစုံမှာ ကင်မင်ဂျေးက (၄၃)ပွဲကစား၊ (၂)ဂိုးသွင်းပြီး စီးရီးအေမှာ Clean Sheets (၁၅)ပွဲအထိ ရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။
ကင်မင်ဂျေးဟာ ဒီရာသီအစကမှ ဖီနာဘာချီကနေ နာပိုလီအသင်းကို ပေါင်(၁၅)သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နာပိုလီ ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာပဲ ပုံစံကောင်းပြသနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကင်မင်ဂျေးရဲ့ စာချုပ်လျော်ကြေးပမာဏအဖြစ် ပေါင်(၄၃)သန်းနဲ့ ပေါင်(၅၂)သန်းကြား ပေးချေသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
ယူနိုက်တက်နဲ့ ကင်မင်ဂျေးတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကျယ်ကျယ် လောင်လောင် ထွက်ပေါ်ခဲ့တာဖြစ်ပြီး ကင်မင်ဂျေးအနေနဲ့ နာပိုလီအသင်းမှာ ပျော်ရွှင်နေပြီဖြစ်ပေမယ့် သူ့ရဲ့အိပ်မက်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့ပဲဖြစ်ပါတယ်။
မန်ယူ နည်းပြ အဲရစ်တန်ဟက်ကလည်း ခံစစ်ပိုင်းကို အားဖြည့်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး တကယ်လို့ ကင်မင်ဂျေးသာ ယူနိုက်တက်ဆီ အမှန်တကယ်ရောက်လာမယ်ဆိုရင် လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားတို့ရဲ့ အနာဂတ်က မသေချာတော့ပါဘူး။