လိုချင်တဲ့ ကစားသမား ရဖို့ တော်မီနေးကို အလိုက်ပေး ထုတ်တော့မယ့် မန်ယူရဲ့ ခြေလှမ်းသစ်
မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ကိုရဖို့ ရှိရင်းစွဲ ကွင်းလယ်လူ တဦး ဖြစ်သူ တော်မီနေးကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် ဒေးလီးမေးလ် သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
မန်ယူအသင်းက လာမယ့် နွေဈေးကွက် အတွင်းမှာ ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်ထားတဲ့ အသင်း ဖြစ်ပြီး ဝက်စ်ဟမ်း ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဒီကလန်ရိုက်စ်ဟာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး ဖြစ်ပါတယ်။
သူဟာ ဝက်စ်ဟမ်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်သလို အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူ ဆောင်ရွက်နေရပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်းအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူပါ။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် အာဆင်နယ် ၊ လီဗာပူး ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ စီးတီး စတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေ အားလုံးက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဝက်စ်ဟမ်းကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း လိုချင်နေပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က တခြားအသင်းတွေနဲ့ အပြိုင် ဒီကလန်ရိုက်စ် အတွက် ကမ်းလှမ်းမှု တခု ပြုလုပ်ဖို့ စီစဉ်နေပြီး ယူနိုက်တက်ဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ သူတို့အသင်းရဲ့ ကွင်းလယ်လူ တော်မီနေးကိုပါ အလိုက်ပေးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေကလည်း ယူနိုက်တက်ဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားမယ် ဆိုတဲ့ သတင်းတွေကို ထပ်ဆင့် အတည်ပြုပေးထားပြီး ယူနိုက်တက်က ဒီကလန်ရိုက်စ်ကို တော်မီနေး + ပေါင် ၇၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းနိုင်ကြောင်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။