မထင်မှတ်တဲ့ ဒဏ်ရာကြောင့် မန်ယူကို စောစောစီးစီး နှုတ်ဆက်လိုက်ရတဲ့ အသင်းသား
မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ် ကစားသမား ဆာဘစ်ဇာ ဒူး ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကမှ မန်ချက်စတာ ယူနိုက်တက်ထံ ဘိုင်ယန်မြူးနစ်ကနေ အငှား လာကစားတဲ့ ဆာဘစ်ဇာ ဟာ ပြီးခဲ့တဲ့ စနေနေ့ ဝုဗ်နဲ့ ပွဲတည်းက ဒဏ်ရာကြောင့် လွဲချော်ခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ၂၉ နှစ် အရွယ် သြစတြီးယား လက်ရွေးစင် ကစားသမားဟာ ယူနိုက်တက် အတွက် ၁၈ ပွဲ ကစားပြီး အထင်ကြီးဖွယ် စွမ်းဆောင်ထားတာကြောင့် အပြီး ခေါ်ယူဖွယ် ရှိတယ်လည်း သတင်းထွက်နေတာပါ။
ဆာဘစ်ဇာက ဆီဗီလာနဲ့ ကစားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာလည်း ၂ဂိုး သွင်းခဲ့သလို ဖူလ်ဟမ်ကို နိုင်ခဲ့တဲ့ အက်ဖ်အေ ကွာတားပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်က ထုတ်ပြန်တဲ့ ကစားသမားတွေရဲ့ ဒဏ်ရာ အခြေအနေထဲမှာ ဆာဘစ်ဇာ ရာသီကုန်ထိ လွဲပြီ ဖြစ်ကြောင်း ဖော်ပြခဲ့သလို ဒီအတွက် စိတ်ပျက်ရကြောင်းနဲ့ အသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေ ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
အခြား အသင်းသားတွေထဲမှာ အဲရစ်ဆန် ပြန် ကစားလာနိုင်သလို ဗာရန်းကလည်း ဒီသတင်းပတ် ကုန်မှာ ပြန်လာမယ် လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဆာဘစ်ဇာ ဟာ မန်ချက်စတာကလပ်မှာ ဆက်ရှိနေလိုကြောင်း သူ့ ဆန္ဒ ထုတ်ဖော် ပြောဆိုခဲ့သလို နည်းပြ အဲရစ်တန်ဟက် ကလည်း ကစားသမားက အသင်း အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုတွေ လုပ်ဆောင် ပေးထားကြောင်း ချီးကျူးစကား ဆိုခဲ့ပါတယ်။
ဒါပေမယ့် နွေမှာ ယူနိုက်တက်က ဆာဘစ်ဇာ ကို အပြီး မခေါ်ယူဖြစ်ခဲ့ရင် သြစတြီးယားသားဟာ ဒဏ်ရာနဲ့ပဲ အသင်းကို စောစော နှုတ်ဆက်လိုက်ရာ ကျသွားတော့မှာ ဖြစ်ပါတယ်။