မန်ယူအသင်း အရှက်တကွဲနဲ့ ထိခိုက်မှုကြီး မကြုံရအောင် သေချာ အာရုံစိုက်ရမယ့် ကိစ္စ ရှိနေပါပြီ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ကျန် ပွဲ ၃ ပွဲကို သေချာ ကစားပြီး အဆင့်(၄)အတွင်းဝင်အောင် အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်နဲ့ လွဲချော်မယ်ဆိုရင် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာမှာပါ။

ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် ပရီးမီးယားလိဂ်(၃၅)ပွဲကစား၊ (၆၆)မှတ်ရရှိထားပြီး အဆင့်(၃)နေရာက နယူးကာဆယ်နဲ့အမှတ်တူ၊ အဆင့်(၅)နေရာက လီဗာပူးလ်အသင်းထက် (၁)ပွဲလျော့၊ (၁)မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်အသင်းအနေနဲ့ ရာသီဝက်ကျော်ကတည်းက အဆင့်(၄)အတွင်းဝင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် နောက်ဆုံး(၅)ပွဲမှာ စပါးအသင်းနဲ့သရေ၊ ဘရိုက်တန်၊ ဝက်စ်ဟမ်းတို့ကို ဆက်တိုက်ရှုံးနိမ့်ပြီး (၂)ပွဲသာ အနိုင်ရခဲ့တာကြောင့် (၇)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ လီဗာပူးလ်နဲ့ အမှတ်ကွာဟချက် နည်းပါးသွားတာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် လက်ကျန်(၃)ပွဲမှာ ချယ်လ်ဆီး၊ ဖူလ်ဟမ်တို့ကို အိမ်ကွင်းပွဲ လက်ခံ ကစားရမှာဖြစ်တဲ့အတွက် အဆင့်(၄)အတွင်း သေချာပေါက်ဝင်ခွင့်ရဖို့ အဲဒီ(၂)ပွဲစလုံးကို အနိုင်ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသာ ခြေချော်လက်ချော်ဖြစ်ပြီး အဆင့်(၄)နေရာနဲ့ လွဲချော်မယ်ဆိုရင် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ခေတ်လွန်နောက်ပိုင်း ပထမဆုံးအကြိမ် (၂)ရာသီဆက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဝေးကွာမှာ ဖြစ်တာကြောင့် အဲရစ်တန်ဟက်နဲ့ ယူနိုက်တက်အတွက် အရှက်ရစရာအကောင်းဆုံးကိစ္စဖြစ်လာနိုင်ပါတယ်။

ဒါတင်မကပဲ ယူနိုက်တက်တို့ ဝင်ငွေရရှိမှုအပါအဝင် ကွင်းတွင်း၊ ကွင်းပြင်မှာ ကြီးမားတဲ့ထိုးနှက်ချက်တွေနဲ့လည်း ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်သာ မရရင် ရုပ်သံထုတ်လွှင့်ခ၊ ဆုကြေးငွေအပါအဝင် ပေါင်(၇၃)သန်းအထိ ဆုံးရှုံးမှာဖြစ်သလို ကစားသမားတွေကလည်း လစာငွေလျှော့ချခံရမှာဖြစ်တဲ့အတွက် ကစားသမားတွေကြားမှာ မကျေနပ်ချက်တွေဖြစ်လာနိုင်ပါတယ်။

နောက်ထပ် ကြီးမားတဲ့ထိုးနှက်ချက်ကတော့ နည်းပြအဲရစ်တန်ဟက် ပစ်မှတ်ထားနေတဲ့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့ မျှော်လင့်ချက်အားနည်းသွားနိုင်ပါတယ်။

အဲရစ်တန်ဟက်ဟာ လာမယ့်နွေရာသီကျရင် ဟယ်ရီကိန်း၊ အိုစီမန်အပါအဝင် ထိပ်သီးကစားသမားတွေ ခေါ်ယူအားဖြည့်ချင်နေပေမယ့် ချန်ပီယံလိဂ် ကစားခွင့်မရရင်တော့ နာမည်ကျော်ကစားသမားတွေ လာချင်မှာ မဟုတ်ပါဘူး။

အဲဒါကြောင့် ယူနိုက်တက်တို့ ဒီလိုအခြေအနေဆိုးတွေနဲ့ မရင်ဆိုင်ရအောင် အဆင့်(၄)နေရာကို သေချာပေါက်ရယူနိုင်ဖို့ လိုအပ်နေပါပြီ။