ဆာဒီယို မာနေးက မန်ချက်စတာ ယူနိုက်တက် ထံ ရောက်လာနိုင်သလား

ဘိုင်ယန်မြူးနစ်နဲ့လမ်းခွဲဖို့ နီးစပ်နေပြီ ဖြစ်တဲ့ ဆီနီဂေါ လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာဒီယို မာနေးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်မှ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။

လီဗာပူး ကစားသမားဟောင်းလည်း ဖြစ်တဲ့ အသက်(၃၁)နှစ် အရွယ်ရှိပြီဖြစ်သူ ဝါရင့် ကစားသမားမာနေးဟာ ဒီရာသီအစကမှ လီဗာပူး ကနေ ဘိုင်ယန်မြူးနစ်ကို ပေါင်(၂၇.၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

လီဗာပူးနဲ့ အတူ ပရီးမီးယားလိဂ်မှာ ပြသခဲ့တဲ့ ခြေစွမ်းအရ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အရေးပါတဲ့ကစားသမား ခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့လည်း ဘိုင်ယန်မြူးနစ် ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာပဲ မာနေးတစ်ယောက် ဒဏ်ရာပြဿနာနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ(၃၇)ပွဲကစား၊ (၁၂)ဂိုးသာ သွင်းနိုင်သလို အသင်းဖော်မာနေးကို ထိုးကြိတ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ပွဲပယ်နဲ့ ဒဏ်ငွေပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ မာနေးကို ဒဏ်ငွေ ပေါင်(၂၅၀,၀၀၀)အထိ ချမှတ်ခဲ့ပြီး ဒါက ကလပ်စံချိန်တင် ဒဏ်ငွေလည်း ဖြစ်ပါတယ်။

ကွင်းတွင်း၊ ကွင်းပြင်မှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ မာနေးကို ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်နွေရာသီကျရင် ရောင်းချဖို့ ပြင်ဆင်နေပြီလို့ Sky Sport Germany က သတင်းထုတ်ပြန်ခဲ့သလို နယူးကာဆယ်နဲ့ ယူနိုက်တက်တို့က မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ တိုက်စစ်ပိုင်းအားဖြည့်ဖို့ ဆန္ဒရှိနေပြီး မာနေးက တိုက်စစ်နေရာစုံမှာ ကစားနိုင်တာကြောင့် ရပ်ရှ်ဖို့ဒ်အတွက် အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် မာနေးရဲ့ (၁)နှစ်လစာဖြစ်တဲ့ ပေါင်(၁၇.၄)သန်းပမာဏကလည်း ယူနိုက်တက်အတွက် ပြဿနာမရှိနိုင်ပါဘူး။ မာနေးဟာ လီဗာပူးလ်ကို မရောက်ခင် ၂၀၁၆ ခုနှစ်တုန်းက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတယ်လို့ သူက ပြီးခဲ့တဲ့လအတွင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မာနေးကို နယူးကာဆယ်အသင်းကလည်း ခေါ်ချင်နေတာကြောင့် ယူနိုက်တက်တို့ အပြိုင်ကြိုးစားရမယ့် အနေအထားပါပဲ။

နယူးကာဆယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေတဲ့အတွက် မာနေးလို ဝါရင့် တိုက်စစ် ကစားသမားတစ်ဦးကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။