ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြ ဆု ဆန်ခါတင်မှာ တန်ဟက် မပါလို့ မန်ယူ ပရိသတ်များ ပေါက်ကွဲနေ

ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်(၆)ဦး စာရင်း မနေ့က ထွက်ပေါ်လာရာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ အံ့အားသင့်စရာကောင်းအောင် မပါဝင်တာကြောင့် ပရိသတ်တွေ ဝေဖန်ပြစ်တင်နေကြပါတယ်။

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်(၁)နှစ်တာအကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ မထင်မှတ်တဲ့ ဇယား အလယ် အသင်း နည်းပြတွေတောင် ပါဝင်နေခဲ့ကြတာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီဆု ဆန်ခါတင် စာရင်းမှာ အာတီတာ (အာဆင်နယ်)၊ ဂွါဒီယိုလာ(မန်စီးတီး)၊ အက်ဒီဟောင်း(နယူးကာဆယ်)၊ ဒီဇာဘီ(ဘရိုက်တန်)၊ အူနိုင်းအမ်မရီ(အက်စတွန်ဗီလာ)၊ မာကိုဆေးလ်ဗား(ဖူလ်ဟမ်)တို့ ပါဝင်ခဲ့ပြီး မန်ယူ အသင်းကို အကောင်းဆုံး ဦးဆောင်နေတဲ့ အဲရစ်တန်ဟက်ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြဘ၀ ပွဲဦးထွက်ရာသီမှာ လိဂ်ဖလားချန်ပီယံဆု ရယူပေးခဲ့သလို FA ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ရောက်ရှိအောင် ပို့ဆောင်ထားပြီး အခုလောလောဆယ် ပရီးမီးယားလိဂ်မှာ အဆင့်(၄)နေရာရပ်တည်နိုင်အောင် စွမ်းဆောင်ထားပါတယ်။

ဒီရာသီအစပိုင်းက နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့ပေမယ့် အဲရစ်တန်ဟက်က အသင်းကို ဟန်ချက်မပျက်အောင် ကိုင်တွယ်နိုင်ပြီး ၂၀၁၇ နောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေတဲ့ မှတ်တမ်းဆိုး အဆုံးသတ်နိုင်ခဲ့ပေမယ့် အခု အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းမှာ မပါဝင်တာကြောင့် ယူနိုက်တက် ပရိသတ်တွေ မကျေမနပ်ဖြစ်နေပါတယ်။

ဒါ့အပြင် အခု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ကြတဲ့ နည်းပြ(၆)ဦးဟာ ဒီရာသီမှာ ဆုဖလားတစ်ခုမှ မယူနိုင်သေးဘဲ အဲရစ်တန်ဟက်ကတော့ ဖလားတစ်လုံးရယူခဲ့ပြီးဖြစ်ပါတယ်။

အဲဒါကြောင့် ပရိသတ်တွေက တွစ်တာကနေ သူတို့ မကျေနပ်မှု ကို အခုလို အသံပြုနေကြပါတယ်။

‘ယူနိုက်တက်အတွက် ဖလားယူပေးတယ် . . . အဆင့်(၄)ရဖို့လည်း အခြေအနေ ကောင်းအောင် စွမ်းဆောင်ပြနိုင်တာတောင် ဆန်ခါတင်စာရင်းမှာ အဲရစ်တန်ဟက် မပါဘူးတဲ့လား . . .

ယူနိုက်တက်အသင်းဟာ တစ်ရာသီလုံးနီးပါး တိုက်စစ်မှူးစစ်စစ်မရှိဘဲနဲ့ ပွဲကြပ်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီမစခင်က ယူနိုက်တက်တို့ ရာသီကုန်ကျရင် အဆင့်(၆၊၇)လောက်မှာပဲ ရပ်တည်နိုင်မယ်လို့ အများစုက ကြိုတင်ခန့်မှန်းခဲ့တာကိုလည်း မေ့နေပြီထင်တယ်’၊

‘အဲရစ်တန်ဟက်အစား မာကိုဆေးလ်ဗားကို ဆန်ခါတင်စာရင်းမှာ ရွေးချယ်တာက ေ-ာက်ရေးမပါဘူး . . . တကယ့်ကို ရူးကြောင်ကြောင်နိုင်ပြီး လက်ခံစရာမရှိတဲ့ မမျှတတဲ့ရွေးချယ်မှုပါပဲ’၊

‘အခုစာရင်းမှာ အဲရစ်တန်ဟက် ရွေးချယ်ခံရသင့်ပါတယ်။ ရာသီအစပိုင်းမှာ (၂)ပွဲရှုံးပြီး အဆင့်(၂၀)နေရာ ရောက်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ယူနိုက်တက်တို့ ပုံစံကောင်းပြသနိုင်သလို အဲရစ်တန်ဟက်ကလည်း ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို (၂)ကြိမ်ဆွတ်ခူးခဲ့ပါတယ်။ အဲရစ်တန်ဟက်ဟာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်ပါတယ်’လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။