စီးရီးအေ ကြယ်ပွင့် တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ စီစဉ်ထားပြီး ဟယ်ရီကိန်းကို ဦးစားပေးအဖြစ် ရွေးချယ်ထားပေမယ့် မအောင်မြင်ခဲ့ရင် အခြားသော ပစ်မှတ်ကို ပြောင်းလဲ ချိတ်ဆက်မှာ ဖြစ်ပါတယ်။
နည်းပြတန်ဟက်ရဲ့ ပထမဆုံး ကိုင်တွယ်မှုဖြစ်တဲ့ ဒီရာသီမှာ ယူနိုက်တက်ဟာ ကာရာဘောင်းဖလား အနိုင်ရခဲ့ပြီး အက်ဖ်အေဖလားမှာ ဖိုင်နယ်အဆင့်ကို တက်ရောက်ထားပါတယ်။
ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ သင်းထဲက တစ်သင်းအဖြစ် ရာသီသိမ်းနိုင်ဖို့ နီးစပ်နေကာ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့် ခြေတစ်လှမ်း ရောက်နေပါပြီ။
ဒါပေမယ့်လို့ သွင်းဂိုးတွေအတွက် ရုန်းကန်နေရတာကြောင့် ဒီနွေမှာ အထောင်တိုက်စစ်မှူးနေရာ အင်အားဖြည့်ရေးက ယူနိုက်တက်ရဲ့ ဦးစားပေးပဲ ဖြစ်ပါတယ်။ အဲ့အတွက်လည်း ဟယ်ရီကိန်းကို ချိန်ရွယ်ထားပါတယ်။
ဒါပေမယ့်လို့ ကိန်းကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် စီးရီးအေကလပ် အတ္တလန်တာမှာ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် ဟော့ဂျ်လန်းကို ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူမှာလို့ The Times က ဖော်ပြပါတယ်။

မနှစ်က နွေကမှ စီးရီးအေကို ပေါင် ၁၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူးဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ၂၉ ပွဲကစားပြီး ၇ ဂိုး သွင်းယူထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ အသက် ၂၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။
နံပါတ် ၉ နေရာစစ်စစ်မှာ ရက်ဖိုဒ့်၊ မာရှယ်၊ ဝဂ်ဟောစ့်တို့ကို အသုံးပြုထားခဲ့တဲ့ တန်ဟက်ဟာ အဆိုပါ နေရာအတွက် စိတ်တိုင်းကျမှု မရှိသေးဘဲ ဟော့ဂျ်လန်းကို စောင့်ကြည့်လာခြင်းဖြစ်ကာ ကိန်းကို မရခဲ့ရင် သူ့ကို ကမ်းလှမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။