လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ မန်ယူက အာဆင်နယ်၊ နယူးကာဆယ်တို့ထက် အုပ်စု ပိုချောင်နိုင်မည်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ ဥရောပ ဦးစားပေး အဆင့် သတ်မှတ်ချက်အရ လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်ယူအသင်းဟာ အာဆင်နယ်၊ နယူးကာဆယ်တို့ထက် အုပ်စုချောင်မယ့် အလားအလာမျိုး ပိုင်ဆိုင်နေပါတယ်။

လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ်အတွက် လက်ရှိမှာ ပရီးမီးယားလိဂ်က ၃ သင်း စာရင်းပေါက်ထားပြီး မန်စီးတီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် တစ်မှတ်လိုနေသေးပြီး ချဲလ်ဆီးနဲ့ကစားမယ့်ပွဲမှာ အနိမ့်ဆုံး သရေ ကစားနိုင်ခဲ့ရင်တော့ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

သင်္ချာနည်းအရ ကြည့်ရင်တော့ မန်ယူဟာ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ် အမည်ပေါက် စာရင်းထဲကို ရောက်ဖို့ ရာနှုန်းပြည့် မသေချာသေးပေမဲ့ သရဲနီပရိသတ်တွေကတော့ သူတို့အသင်းဟာ လာမယ့်ရာသီ ချန်ပီယံ လိဂ်ဝင်ခွင့်ဖို့ သေချာနေပြီဆိုတာ တွေးနေကြပါပြီ။

ဒီနေရာမှာ မန်ယူဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရသွားတာနဲ့ လာမယ့် သြဂုတ်လမှာ လုပ်မယ့် ချန်ပီယံလိဂ်မဲခွဲပွဲမှာ အားသာချက်တွေ ရှိလာနေတာကို တွေ့ရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ယူအီးအက်ဖ်အေ ကလပ်အသင်း အဆင့်သတ်မှတ်ချက်အရ အဆင့် ၇ နေရာမှာ ရှိနေပြီး မဲအိုး နံပါတ် (၂) ထဲကို ရောက်ဖို့ အလားအလာရှိနေပါတယ်။

အဆင့် သတ်မှတ်ချက်ကိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၅ ခုအတွင်းက ဥရောပပြိုင်ပွဲ ၃ ခုမှာ ပါဝင်နိုင်မှုနဲ့ ရလဒ်တွေ အပေါ် အခြေခံပြီး တွက်ချက်တာပါ။

နည်းပြအဲရစ်တန်ဟတ်ရဲ့ အသင်းဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီဗီလာကိုရှုံးပြီး ထွက်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အထိ ရောက်ခဲ့သလို အဲဒီ မတိုင်ခင် နှစ်မှာလည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားခဲ့ရတဲ့အသင်းပါ။

ပြောရရင် မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံး ၅ ရာသီလုံး ဥရောပပြိုင်ပွဲ ကစားခွင့်ရတဲ့ အသင်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိချန်ပီယံအသင်း အပါအဝင် ဥရောပ ထိပ်တန်း လိဂ်ပြိုင်ပွဲ ၆ ခုဆီက အသင်းတွေ ရှိရမယ့် မဲအိုး (၁) ထဲမှာ နာပိုလီ၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဘိုင်ယန် ဒါမှမဟုတ် ဒေါ့မွန်တို့ ရှိနေမှာ ဖြစ်တဲ့အတွက် မန်ယူဟာ အဲဒီ အသင်းတွေနဲ့လည်း အုပ်စုအဆင့်မှာ ထိပ်တိုက်ဆုံ စရာ အကြောင်းမရှိတော့ပါဘူး။

နောက်ပြီး လာလီဂါ အမှတ်ပေးဇယား လက်ရှိရပ်တည်မှုအရ အဆင့် ၃ ကို ရောက်နေတဲ့ ရီးရဲလ်ဟာလည်း မဲအိုး (၂) ထဲကို ရောက်မှာဖြစ်တဲ့အတွက် ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့စရာ အကြောင်း လုံး၀ မရှိတော့ဘူး ဖြစ်နေပါတယ်။

ဒါကြောင့် မန်ယူအသင်းဟာ လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အာဆင်နယ်၊ နယူးကာဆယ် တို့ထက် ပွဲချောင်နိုင်မယ့် အလားအလာ ရှိနေတာဖြစ်ပါတယ်။