နေမာ၊ မေဆန်မောင့်၊ ဆာဘစ်ဇာတို့ ပါဝင်တဲ့ မန်ယူ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ဒီတလောမှာ မန်ချက်စတာ ယူနိုက်တက် က အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ သတင်းတွေ ခပ်စိပ်စိပ် တက်လာနေပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ ပစ်မှတ်ထားနေတဲ့ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်အတွက် မန်ချက်စတာ ယူနိုက်တက်ကလည်း ဝင်ရောက် ကြိုးပမ်းတော့မှာ ဖြစ်ပြီး ကမ်းလှမ်းဖို့ ပြင်ဆင်လာကြောင်း ဒေးလီးမေလ်းက ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။

မေဆန်မောင့်ကို ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းဖို့ မန်ချက်စတာ ယူနိုက်တက်ဘက်က လုပ်နေပြီလို့ သတင်းတွေ ထွက်လာတာပါ။

နောက်ထပ် အပြောင်းအရွှေ့ သတင်းမှာတော့ နေမာရဲ့ ကိုယ်စားလှယ်တွေက သူတို့ ကစားသမားကို အလိုရှိရင် ခေါ်ယူနိုင်ကြောင်း မန်ယူနိုက်တက်ကို ကမ်းလှမ်းထားပါတယ်။ နေမာရဲ့ ပုံရိပ်က ကြီးမားပေမယ့် ဘရာဇီး တိုက်စစ်သမားကို ခေါ်ယူသွားဖို့ နည်းပြတန်ဟက်ဘက်က ဆန္ဒ မရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ အငှား ခေါ်ထားခဲ့တဲ့ ကွင်းလယ် ကစားသမား ဆာဘစ်ဇာ ကို ခေါ်ယူလိုနေပြီး ၎င်းရဲ့ မိခင်ကလပ် ဘိုင်ယန်မြူးနစ်ကတော့ ဈေးသတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဲရစ်ဆန် ၂လလောက် နားရမယ့် ဒဏ်ရာ ရသွားတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းက အပြောင်းအရွှေ့ ပိတ်ရက်မှ ဆာဘစ်ဇာ ကို အငှား နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အငှား ကစားတဲ့ ကာလအတွင်း သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ဂိုးအတွက် အမြင်ရှိတာတွေက အထင်ကြီးဖွယ် ရှိခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာ ယူနိုက်တက်မှာ ဆက် နေလိုကြောင်း သူ့ ဆန္ဒကို ထုတ်ဖော် ပြောဆိုထားပါတယ်။ ဘိုင်ယန်မြူးနစ်က သြစတြီးယား ကွင်းလယ် သမား အတွက် ပေါင် ၂၂ သန်း ရရင် ရောင်းချမယ် လို့ သတ်မှတ်လိုက်တာပါ။