နောက်ရာသီ ပရီးမီးယားလိဂ်မှာ မန်ယူ ဘယ်အဆင့်ထိ ရောက်မလဲ ခန့်မှန်းသွားတဲ့ စူပါကွန်ပြူတာ
လက်ရှိ ဘောလုံးရာသီဟာ အဆုံးသတ်ဖို့ ၁ ပွဲပဲ ကျန်တော့ချိန်မှာပဲ စူပါကွန်ပြူတာရဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၁၀ သင်းအတွက် ခန့်မှန်း တွက်ချက်မှု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
Ladbrokes စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရဆိုရင် မန်စီးတီးကပဲ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးအဖြစ် ၄ ကြိမ်ဆက် ချန်ပီယံဖြစ်လာဖို့ရှိကာ ၎င်းတို့ကို အဓိက စိန်ခေါ်မယ့် အသင်းအဖြစ် အာဆင်နယ်အသင်း ဆက်ရှိနေပါလိမ့်မယ်။
ဒီရာသီ ဒဏ်ရာ ပြဿနာတွေ များစွာနဲ့အတူ ရုန်းကန်ရင်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်သွားမယ့် လီဗာပူးကတော့ လာမယ့်ရာသီမှာ ထိပ်ဆုံး အဆင့်တွေထံ ပြန်တက်လာပါလိမ့်မယ်။
တန်ဟက် လက်ထက် ဒုတိယမြောက် ဘောလုံးရာသီကို ကျော်ဖြတ်ရမယ့် ယူနိုက်တက်ကတော့ အဆင့် ၄ နေရာမှာ ဆက်ရှိနေမယ်လို့ စူပါကွန်ပြူတာက ဖော်ပြခဲ့ပါတယ်။

အသုံးစရိတ် ပေါင် သန်း ၆၀၀ အသုံးပြုထားတဲ့ ချယ်ဆီးအသင်းဟာ လာမယ့်ရာသီမှာလည်း ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပြုပြင်ပြောင်းလဲမှု များစွာ လုပ်ရမယ့် စပါးကလည်း ထိပ်ဆုံး ၄ သင်းအတွင်း ဝင်နိုင်ဦးမှာ မဟုတ်ကြောင်း တွက်ချက်ခဲ့တယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ လူကြိုက်များ အသင်းတွေအဖြစ် ထွန်းတောက်လာတဲ့ နယူးကာဆယ်၊ ဘရိုက်တန်၊ အက်စတွန်ဗီလာ၊ ဘရန့်ဖိုဒ့်တို့ကိုတော့ စပါးအသင်းနဲ့အတူ ထိပ်ဆုံး ၁၀ သင်း စာရင်းထဲ ဆက်လက် ပါဝင်ဦးမယ် တွက်ချက်သွားခဲ့ပါတယ်။