မန်ယူနည်းပြက ဆိုးရှားမို့ မန်ချက်စတာဒါဘီမှာ ခွက်ခွက်လန်ရှုံးမယ်ဆိုတဲ့ ပေါလ်မာဆန်
ကျွန်တော်ပြောမယ် ဒီပွဲမှာ မန်ယူက ဘောလုံးတောင်ရမှာ မဟုတ်ဘူး။ ဒီအပတ်မှာ သူတို့ရဲ့ နောက်ထပ် အရှက်ရဖွယ် အရေးနိမ့်မှုတောင် ထပ်ရင်ဆိုင်သွားရနိုင်တယ်။
မန်ယူက ကောင်တာကနေ မြန်မြန်ဆန်ဆန်နဲ့ မန်စီးတီးကို ရင်ဆိုင်ကစားပြီး ရလဒ်ကောင်း ရဖူးတာတွေ ရှိထားခဲ့တယ်။ ဒါပေမယ့်လို့ ဒီလို မြန်နှုန်းကို ကာဗာနီ၊ ရော်နယ်ဒို တိုက်စစ်နဲ့ သူတို့ ဘယ်လိုကစားမလဲ ကျွန်တော်တော့ မတွေးတတ်ဘူး။
စီးတီးက ဘောလုံးကို ပျော်ပျော်ကြီး ပေးကစားတာတောင် ဖြစ်ချင်ဖြစ်နေဦးမယ်။ မန်ယူက လုံးဝကို အနားကပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်ဆိုရင်တော့ ရော်နယ်ဒိုကို ဂရင်းဝုဒ်၊ ရက်ဖိုဒ့်တို့နဲ့ ပွဲထုတ်မယ်။ မဟုတ်ဘဲ ဆိုးရှားက ရော်နယ်ဒိုနဲ့ ကာဗာနီကို တွဲပြီး ပွဲထုတ်ရင် ကျွန်တော် အံ့သြမိလိမ့်မယ်။
ဘာလို့လည်းဆိုတော့ သူတို့ ဘောလုံး ကိုင်ကစားရမှာမှ မဟုတ်ဘဲ။ ဆိုးရှားနဲ့ ဆိုတော့လည်း ထပ်ပြီး အံ့သြစရာ မရှိတော့ပါဘူး။

အိုလေဂန်နာဆိုးရှားက ဒီပွဲရှုံးရင် ဖိအားတွေအောက် ထပ်ပြီး ရောက်သွားမှာပဲ။ ဒါပေမယ့် နောက်တစ်ပတ် သူတို့ ဝက်ဖို့ဒ်ကို နိုင်ရင် မန်ချက်စတာ ယူနိုက်တက်တို့ ပြန်လာပါပြီ တစ်ကျော့ပြန်ဖြစ်ပါမယ်။ သူတို့က ကမ္ဘာ့ထိပ်သီး အသင်းတွေထဲ ပါပေမယ့် သုံးနှစ်ခွဲလောက် ဆုဖလား တစ်လုံးမှကို မယူနိုင်ပါဘူး။
မန်စီးတီးမှာက ပွဲထွက် လူစာရင်းထုတ်ဖို့ ရွေးချယ်ရခက်တဲ့ ပြဿနာရှိပါမယ်။ မန်စီးတီးက ဂရီလစ်၊ ဖိုဒန်နဲ့ မာရက်ဇ်ကြား ဘယ်သူ့ကို ရွေးမလဲ။ ပက် ဘာလုပ်မလဲ။ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ မန်စီးတီး အတွက်လည်း ပွဲကြီးပါ။ သူတို့က အခုကို ချယ်ဆီးနဲ့ ၅ မှတ် ကွာနေပြီ ဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ ရှုံးလို့ မရပါဘူး။
ဟိုး အရင်အပတ် လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ကို တစစီ လုပ်ချသွားခဲ့သလိုမျိုး လုပ်ပြီး ဒီတပတ်မှာလည်း မန်စီးတီး ဂိုးပြတ် နိုင်ပွဲရတာကလွဲလို့ အခြားရလဒ် မရှိပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 1-3 မန်စီးတီး