မန်ယူ ရှုံးပွဲအတွက် နည်းပြ က အစ၊ ပရိသတ်တွေ အဆုံး ဝိုင်းပြစ်တင်တာ ခံနေရတဲ့ ဂိုးသမား ဒီဂီယာ
မနေ့ညက ဝင်ဘာလေမှာ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန် သွင်းယူခဲ့တဲ့ ဒုတိယဂိုးအတွက် မန်ယူ ဂိုးသမား ဒီဂီယာရဲ့ စွမ်းဆောင်ရည်အပေါ် မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ ဝေဖန်ပြစ်တင်နေကြပါတယ်။
ပွဲစလို့ (၁၂)စက္ကန့်အကြာမှာပဲ ဒီဘရိုင်းနား ခေါင်းတိုက်ချ ပေးတာကနေတစ်ဆင့် ဂွန်ဒိုဂန်က ညာခြေနဲ့ မြေမကျကန်သွင်းခဲ့တာဖြစ်ပြီး ယူနိုက်တက်ဂိုးသမားဒီဂီယာ လှုပ်တောင် မလှုပ်လိုက်ရပါဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါ့အပြင် ဒုတိယပိုင်း(၅၁)မိနစ်မှာလည်း ပြစ်ဒဏ်ဘောကနေ ဒီဘရိုင်းနား ကန်တင်ပေးလိုက်တာကို ဂွန်ဒိုဂန်ဟာ ပယ်နယ်တီ ဧရိယာထိပ်က ဘယ်ခြေနဲ့မြေမကျကန်သွင်းခဲ့ပြီး ဒီဂီယာအနေနဲ့ ဂွန်ဒိုဂန်ရဲ့ကန်ချက်ကို ပုတ်ထုတ် ကာကွယ်နိုင်သင့်ပေမယ့် နှေးနေတာကြောင့် ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
တစ်ဖက်(၁-၁)ဂိုးစီ သရေဖြစ်နေချိန်မှာ ဒီဂီယာရဲ့အမှားကနေ ဂိုးပေးခဲ့ရတာက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေပြီး ယူနိုက်တက်အသင်းဟာ ချေပဂိုးပြန်ရဖို့ ကြိုးစားပေမယ့် အခွင့်အရေးတချို့ လွဲချော်ခဲ့တဲ့အတွက် ၂-၁ ရလဒ်နဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒါကြောင့် ယူနိုက်တက် ပရိသတ်တွေက ဒီဂီယာရဲ့စွမ်းဆောင်ရည်အပေါ် ဒေါသပေါက်ကွဲပြီး အွန်လိုင်းမှာ ဝေဖန်ပြစ်တင်ခဲ့ကြတာ ဖြစ်ပါတယ်။
Twitter မှာ ယူနိုက်တက်ပရိသတ်တွေက ‘ဒီတစ်ပွဲတည်းက အမှားနဲ့တင် ဒီဂီယာဟာ ယူနိုက်တက်ကနေ ထွက်သွားသင့်ပါပြီ’၊ ‘ဒီဂီယာနဲ့ သေချာပေါက် လမ်းခွဲရမှာပါ။ ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့အမှားလဲ’၊ ‘ငါတို့အသင်းကနေ ထွက်သွားတော့’လို့ ရေးသားခဲ့ပါတယ်။
ပွဲအပြီးမှာ အဲရစ်တန်ဟက်ကလည်း ဒီဂီယာရဲ့အမှားကို ပြစ်တင်ခဲ့ပြီး “မန်စီးတီးလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်တော့မှ အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ အချိန်တိုင်းကစားနိုင်ဖို့ လိုအပ်ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားမှုအပေါ် ချီးကျူးပေမယ့် ဒီဂီယာကြောင့် မပေးသင့်တဲ့ဂိုး ခွင့်ပြုခဲ့ရတာက စိတ်ပျက်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်က “ဒီဂီယာအနေနဲ့ အခုထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ်။ မန်စီးတီးရဲ့ ဒုတိယဂိုးဝင်သွားချိန်မှာ ကျွန်တော်,တော်တော်လေး အံ့အားသင့်ခဲ့ရပါတယ်။ ဒီဂီယာဟာ ပွဲအပေါ် ရာနှုန်းပြည့် အာရုံမစိုက်ခဲ့ပါဘူး”လို့ ပြစ်တင်ခဲ့ပါတယ်။
အခုရှုံးပွဲကြောင့် ယူနိုက်တက်တို့ ဒီရာသီ ဒုတိယမြောက်ဆုဖလား ပိုင်ဆိုင်ခွင့်လက်လွှတ်ခဲ့ရပြီး FA ဖလားဗိုလ်လုပွဲမှာ ရှုံးပွဲ အများဆုံးအသင်းအဖြစ် စုစုပေါင်း(၉)ကြိမ်နဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ရပါတယ်။