မန်ယူ အသင်းသားတွေ နာကျင် ကြေကွဲနေရကြောင်း ဖွင့်ဟလာတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ အက်ဖ်အေဖလားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုလဲကြေကွဲနေတယ်လို့ နည်းပြ အဲရစ်တန်ဟက်က ပြောပြခဲ့ပါတယ်။
တန်ဟက်ဟာ သူ့ကစားသမားတွေအတွက် ဂုဏ်ယူနေဆဲဖြစ်ပေမယ့် ဝင်ဘာလေမှာ ခါးသီးပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အက်ဖ်အေဖလားဖိုင်နယ်သမိုင်းတလျှောက် အမြန်ဆုံးသွင်းဂိုးဖြစ်လာတဲ့ မြေမထိသွင်းဂိုး အပါအဝင် ဂွမ်ဒိုဂမ်က ဂိုး ၂ဂိုး သွင်းယူခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီနဲ့ ချေပခဲ့ပေမယ့်လဲ မလုံလောက်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ကြေကွဲနေတယ်၊ စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ကျွန်တော့်အသင်းအတွက် ဂုဏ်လဲယူပါတယ်။ ကျွန်တော်တို့ အရမ်းကို ကောင်းကောင်းလုပ်ခဲ့တာပါ။ မဖြစ်သင့်တဲ့ ဂိုး၂ဂိုး ပေးလိုက်ရပေမယ့် ပွဲထဲမှာ ဆက်ကစားနိုင်ခဲ့ပါတယ်။
သိပ်ကောင်းတဲ့ စိတ်ဓာတ်နဲ့ စည်းလုံးမှုရှိခဲ့တယ်။ ပေးလိုက်ရတဲ့ဂိုးတွေက တားဆီးလို့ရနိုင်ခဲ့ပြီး အရမ်း လွယ်ကူလွန်း ခဲ့တယ်။ စီးတီးနဲ့ ရင်ဆိုင်ရတဲ့အခါ open play ကနေ ဘာကိုမှ ခွင့်မပြုဘူး။ ဒါက အသင်းအတွက် ကြီးမားတဲ့ အသိအမှတ်ပြုမှုတစ်ခုပါ။
ဒါပေမယ့် ဒီလိုဂိုးတွေ ပေးလိုက်ရတာက စိတ်ပျက်စရာကောင်းပါတယ်။ အသင်းက ကြံ့ခိုင်မှု၊ စိတ်ဓာတ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသခဲ့တယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့လိုသေးတယ်ဆိုတာသိပေမယ့် ဒါက ကျွန်တော်တို့ကို ပိုကောင်းလာအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။
ဒါက ကျွန်တော်တို့အတွက် စမ်းသပ်မှုတစ်ခုပဲ။ ကျွန်တော်တို့ မအောင်မြင်ခဲ့ပေမယ့် နောက်ရာသီအတွက် အကောင်းမြင်စရာတွေ အများကြီးယူလို့ရနိုင်ပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။