မန်ယူ အသင်း ကို ကာတာ အုပ်စု ဝယ်မှာနဲ့ ပီအက်စ်ဂျီ အသင်း ဥက္ကဌ ဝင်ပါနေတာ ဘာကြောင့်လဲ
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အရောင်းအဝယ်ကိစ္စမှာ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်ရဲ့ဘက်ကနေပြီး အဓိက ကြိုးကိုင်လှုပ်ရှားပေးနေတဲ့သူက ပီအက်စ်ဂျီ အသင်းဥက္ကဋ္ဌ နက်ဆာအယ်လ်ခီလိုင်ဖီ ဖြစ်တယ်လို့ သိရပါတယ်။
ပဲရစ် ကလပ်ရဲ့ ဥက္ကဋ္ဌဟာ တစ်နိုင်ငံတည်းသား စီးပွားရေးလုပ်ငန်းရှင် ရှိတ်ဂျာဆင် နဲ့ မန်ယူအသင်း လက်ရှိပိုင်ရှင် ဂလေဇာ မိသားစုကြား အကြေအလည် ဆွေးနွေးရေးကို ပေါင်းကူးတံတားလိုမျိုး လုပ်ဆောင်ပေးနေသူဖြစ်တယ်လို့ သိရ ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ကို ဝယ်ဖို့အတွက် စင်ပြိုင်ကြိုးစားခဲ့တဲ့ ကာတာဘဏ်သူဌေးနဲ့ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရက်ကလစ်ဖ်တို့ကြားမှာ အရှေ့အလယ်ပိုင်းသားက နှာတစ်ဖျား အသာရနေတာလည်းဖြစ်ပါတယ်။
အခုဆိုရင်တော့ ကာတာဘဏ်သူဌေးဟာ မန်ယူကို ဝယ်ဖို့အတွက် ပဉ္စမအကြိမ် ကမ်းလှမ်းမှု လုပ်ခဲ့ပြီးဖြစ်သလို အရောင်းအဝယ်ကိစ္စကလည်း ရုပ်လုံး ပေါ်လုနီးပါး ရှိလာပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီဥက္ကဋ္ဌဟာ ဝယ်လက်ဘက်ကနေ ပြီး လိုက်ပါဆောင်ရွက်ပေးတဲ့ နေရာမှာ မန်ယူအသင်းရဲ့ လက်ရှိတန်ဖိုး၊ အသင်းရဲ့ ရှေ့လုပ်ငန်းစဉ် အလားအလာ၊ ဈေးကွက်တန်ဖိုးနဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေကို ကာတာဘဏ်သူဌေးကြီး ရှိတ်ဂျာဆင်တစ်ယောက် လုံးစေ့ ပတ်စေ့ နားလည်အောင် ရှင်းပြပေးခဲ့တဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
ကာတာနွယ်ဖွား အယ်လ်ခီလိုင်ဖီဟာ ဥရောပ ဘောလုံးရပ်ဝန်းနဲ့ နိုင်ငံတကာ ဘောလုံးအသိုင်းအဝိုင်းမှာ နာမည်ကျော်ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တာနဲ့အညီ သူ့ရဲ့ စကားတွေဟာ ဂလေဇာ မိသားစုအထိ ပေါက်ပေါက် ရောက်ရောက်ရှိခဲ့ တာကြောင့် မန်ယူအသင်းအရောင်းအဝယ်ကိစ္စ ကာလတစ်လျှောက်လုံး ထဲထဲဝင်ဝင် ပတ်သက်ခဲ့သူဖြစ်တယ်လို့ The Athletic သတင်း က ရေးသားဖော်ပြပါတယ်။
လက်ရှိမှာ မန်ယူအသင်း အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီဥက္ကဋ္ဌတစ်ယောက် လုပ်ပေးနေတာကတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ကြီးမားတဲ့ ဈေးကွက်တစ်ခုကို ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ၁၃ ကြိမ် ပိုင်ရှင် ယူနိုက်တက်အသင်းကို တန်ဖိုး သင့်နေတဲ့ ကိစ္စပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကမ္ဘာကျော် မဂ္ဂဇင်းဖြစ်တဲ့ Forbes ရဲ့ ၂၀၂၃ ခုနှစ် စာရင်းမှာတော့ မန်ယူအသင်းရဲ့ တန်ဖိုးဟာ ပေါင် ၆ ဘီလီယံရှိတယ်လို့ သိရပါတယ်။ ဂလေဇာ မိသားစုကတော့ ၇ ဘီလီယံကျော်ထိ ရဖို့ အလိုရှိနေပါတယ်။