မန်ယူမှာ နေရာ မရတော့တဲ့ ဆန်ချိုကို ပြောင်းရွှေ့ကြေးကောင်း ပေးပြီး ခေါ်ဖို့ စပါးအသင်း ချိန်ရွယ်လာ

စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို ပေါင်သန်း(၅၀)နဲ့ကမ်းလှမ်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်ကစားသမားဆန်ချိုဟာ ဒေ့ါမွန်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြ ကစားနိုင်တာကြောင့် ယူနိုက်တက်အသင်းက ၂၀၂၁ ခုနှစ်မှာ သူ့ကို ပေါင်(၇၃)သန်းအထိ ကြေးကြီးပေးပြီးတော့ ခေါ်ယူခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းမှာ ဆန်ချိုဟာ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည် မပြသနိုင်ဘဲ နည်းပြ(၃)ဦး လက်ထက်အတွင်း ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒီရာသီအစပိုင်းမှာ ဆန်ချိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းဘဲ နယ်သာလန်မှာ တစ်ဦးတည်း သွားရောက် လေ့ကျင့်ခဲ့သေးပြီး ဖေဖော်ဝါရီလမှာ ယူနိုက်တက် အသင်းအတွက် ပြန်လည်ကစားခွင့်ရပေမယ့် ပုံမှန်ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။

အခု စပါးအသင်းနည်းပြသစ် ပေါ်စတယ်ကော်ဂလိုဟာ သူ့လက်ထက်မှာ အသင်းကို ပြန်လည်တည်ဆောက်သွားဖို့ ပြင်ဆင်နေပြီး ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ သူ့အသင်းဟောင်း ဒေ့ါမွန်ကလည်း ပစ်မှတ်ထားနေပေမယ့် အငှားနဲ့သာ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဟာ နွေရာသီကာလအတွင်း ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်သွားမှာ ဖြစ်ပြီး အဲဒီအတွက် ငွေလိုနေတာကြောင့် ကစားသမားတော်တော်များများကို ရောင်းချငွေရှာသွားဖို့ရှိပါတယ်။

အခုနွေရာသီအတွင်း ယူနိုက်တက်နဲ့ လမ်းခွဲဖို့ရှိတဲ့ ကစားသမားစာရင်းထဲမှာ ဆန်ချိုလည်းတစ်ဦး အပါအဝင်ဖြစ်ပြီး တကယ်လို့ စပါးအသင်းဘက်ကသာ တရားဝင် ကမ်းလှမ်းမှုရှိလာရင် ယူနိုက်တက်တို့ လက်ခံစဉ်းစားသွားမယ့် အနေအထားပါပဲ။

ဒေ့ါမွန်ကစားသမားဘဝတုန်းက ပွဲပေါင်း (၁၃၇)ပွဲကစား၊ ဂိုး(၅၀)သွင်းပြီး ဂိုးဖန်တီးမှု(၆၄)ကြိမ်အထိ ပြုလုပ်ခဲ့သူ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာတော့ (၂)ရာသီအတွင်း (၇၉)ပွဲကစား၊ (၁၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၆)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။