ဂျာစီသစ် မိတ်ဆက်ပွဲမှာတောင် အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီး အတင်းနှင်ခံနေရတဲ့ မန်ယူ အသင်းသား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်ရာသီမှာ ဝတ်ဆင်မယ့် ဂျာစီသစ်အတွက် ကစားသမားတွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပြီး အဓိက ကျတဲ့ ကစားသမား တစ်ဦး မပါဝင်တာကြောင့် ပရိသတ်တွေကြားမှာ မေးခွန်းထွက်ပေါ်နေပါတယ်။

နာမည်ကျော် အားကစားကုမ္ပဏီ Adidas နဲ့ လက်တွဲထားတဲ့ ယူနိုက်တက်အသင်းဟာ ၂၀၂၃-၂၄ ရာသီကျရင် ဝတ်ဆင်မယ့် အိမ်ကွင်းဂျာစီသစ်ကို ထုတ်ပြန်ခဲ့ပြီး,ပြီးခဲ့တဲ့ရာသီကလို ကော်လံမပါတော့ဘဲ ဂျာစီ အနီရောင်၊ ပခုံးပေါ်မှာ အနက်အစင်းကြား(၃)ခု၊ ဘောင်းဘီအဖြူ၊ ခြေစွပ်အနက်စင်းကြားကို ဝတ်ဆင် ကစားသွားမှာဖြစ်ပါတယ်။

အဲဒီ ဂျာစီသစ်ကို နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော၊ ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချို၊ ကတ်စ်မဲရိုး၊ လီဆန်ဒရို မာတီနက်ဇ်တို့ ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတွေကို ယူနိုက်တက်အသင်း တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပြီး အံ့အားသင့်စရာကောင်းတာက အသင်းခေါင်းဆောင် မက်ဂွိုင်းယား မပါဝင်ခဲ့ပါဘူး။

အဲဒါကြောင့် မက်ဂွိုင်းယားဟာ အခုနွေရာသီကာလအတွင်း အသင်းနဲ့လမ်းခွဲဖို့ နီးစပ်နေပြီလို့ ယူနိုက်တက် ပရိသတ်တွေက ယူဆနေကြပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်က လက်စတာကနေ ယူနိုက်တက် အသင်းကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း(၈၀)နဲ့ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီတွေအတွင်း ခံစစ်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အမှားများခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီ၊ နည်းပြအဲရစ်တန်ဟက်လက်ထက်မှာတော့ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်မှာ (၁၆)ပွဲသာ ကစားခဲ့ ရသလို ပွဲထွက်ခွင့်ရတာက (၈)ပွဲသာရှိပြီး ပြိုင်ပွဲစုံမှာ (၃၁)ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟက်ဟာ အခုနွေရာသီ ကာလအတွင်း ကစားသမားသစ်ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပို ရအောင် လက်ရှိကစားသမားတွေထဲက (၁၃)ဦးအထိ ရောင်းချဖို့ပြင်ဆင်နေပြီး အဲဒီထဲမှာ မက်ဂွိုင်းလည်း ပါဝင်တယ်လို့ ဒေးလီးမေးလ် သတင်း က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ မက်ဂွိုင်းယားကို မဖြစ်မနေ ရောင်းချသွားဖို့ မရှိပေမယ့် သူ့အတွက် ပေါင် သန်း (၄၀)လောက်ရမယ်ဆိုရင် လက်ခံစဉ်းစားသွားမယ့်အနေအထားပါပဲ။