မေဆင်မောင့် စိတ်ကြိုက် ကျောနံပါတ်က မန်ယူမှာ အဓိက ကစားသမား ယူထားတာကြောင့် အခက်တွေ့
မန်ချက်စတာယူနိုက်တက် ကစားသမားသစ်ဖြစ်လာမယ့် မေဆင်မောင့်ဟာ အသင်းသစ်မှာ သူ အကြိုက်ဆုံးနံပါတ် ဝတ်ဆင်ခွင့်ရဖို့ ချက်ချင်း မဖြစ်နိုင်ဘဲ အချိန်တစ်ခုအထိ စောင့်ရဖို့ရှိနေပါပြီ။
အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင် ကစားသမား မေဆင်မောင့်ကို ယူနိုက်တက်အသင်းက ပေါင်သန်း(၆၀)နဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး မေဆင်မောင့်ဟာ အင်္ဂါမနက်ပိုင်းက ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုခံယူခဲ့ပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရစ်ဇီယိုရိုမာနိုက မေဆင်မောင့်ဟာ ဆေးစစ်မှုအောင်မြင်ခဲ့တယ်လို့ အတည်ပြုခဲ့ တာကြောင့် မကြာခင်ရက်ပိုင်းအတွင်း ယူနိုက်တက် အသင်းနဲ့ (၅)နှစ်စာချုပ်,ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ မေဆင်မောင့်အတွက် ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်း အရင်ဆုံး ပေးချေရမှာဖြစ်ပြီး ဆုဖလားအောင်မြင်မှုအပေါ်မူတည်ပြီးတော့ နောက်ထပ် ပေါင်(၅)သန်းပေးရမှာပါ။
မေဆင်မောင့်ရဲ့ အပြောင်းအရွှေ့သတင်းကို ယူနိုက်တက်အသင်းက မကြာခင် ရက်ပိုင်းအတွင်း တရားဝင် ထုတ်ပြန်သွားမှာဖြစ်ပြီး မေဆင်မောင့် ဝတ်ဆင်ကစားမယ့်နံပါတ်ကိုပါ ကြေညာသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း မေဆင်မောင့်ဟာ သူ့စိတ်ကြိုက်နံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၁၉)ကို ဝတ်ဆင်ခွင့်ရဖို့ မသေချာဘဲ ဗာရန်းရဲ့ သဘောထားအပေါ် မူတည်နေပါတယ်။
မေဆင်မောင့်ဟာ ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ်(၁၉)ဝတ်ဆင်ပြီး ကြီးမားတဲ့ အောင်မြင်မှု ရယူနိုင်ခဲ့သလို အဲဒီနံပါတ်နဲ့ပတ်သက်လို့ မေဆင်မောင့်က ခုလို ဖွင့်ဟဖူးပါတယ်။
“ဗွီတက်ဆီအသင်းမှာ (အငှားနဲ့)ကစားခဲ့ချိန်ကတည်းက ကျွန်တော်ဟာ အဲဒီနံပါတ်ကို စတင် ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မွေးနေ့က (၁၀)ရက်နေ့ဖြစ်ပြီး နံပါတ်(၁၀) ဝတ်ဆင်ခွင့်မရတာကြောင့် (၁)အပေါင်း(၉)သဘောနဲ့ နံပါတ်(၁၉)ကို ရွေးချယ်ခဲ့တာပါ”လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ နံပါတ်(၁၉)ကို နောက်ခံလူ ဗာရန်း ဝတ်ဆင်နေတာကြောင့် မေဆင်မောင့်အနေနဲ့ အဲဒီနံပါတ် ရချင်တယ်ဆိုရင် ဗာရန်းက တခြားနံပါတ်ပြောင်းလဲဝတ်ဆင်မှ အဆင်ပြေမှာဖြစ်ပါတယ်။