ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်က ဘာလို့ အသုံးစရိတ် ပေါင် သန်း ၁၂ဝ ပဲ ရရှိထားတာလဲ
ဒီနွေဈေးကွက်မှာ မန်ယူ နည်းပြ တန်ဟက်ဟာ ကစားသမားသစ်တွေ ခေါ်ယူရေး အသုံးစရိတ် ပေါင် သန်း ၁၂၀ ပဲ ရရှိထားကာ အဲ့ထက်ပိုတဲ့ ပြောင်းရွှေ့ကြေး သုံးလိုတယ်ဆိုရင် လက်ရှိ ကစားသမားတွေထဲက အချို့ကို ရောင်းထုတ် ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ မန်ချက်စတာ ကလပ်ဟာ ကျဉ်းထဲကြပ်ထဲ ရောက်သလို ဖြစ်နေပြီး ဈေးကွက်ထဲမှာ စိတ်သွားတိုင်း ကိုယ်ပါ လှုပ်ရှားနိုင်ခြင်း မရှိသေးပါဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အမြင့်ဆုံး ပေးချေရတဲ့ ကလပ်ဖြစ်နေခြင်း၊ ကစားသမား ရောင်းချရာမှာ အကျိုးအမြတ်ရမှု နည်းပါခြင်းတွေနဲ့ FFP စည်းမျဉ်း ညိစွန်းနိုင်တဲ့ အနေအထားတွေမှာ ရှိနေခြင်းကြောင့် ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၁၂၀ ထက် ပိုထုတ်ခွင့် မရခြင်း ဖြစ်ပါတယ်။
နောက်ဆုံး ထွက်ပေါ်ထားတဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် လုပ်ခ အမြင့်ဆုံး ကလပ်များ စာရင်းမှာ ယူနိုက်တက်က ထိပ်ဆုံးမှာ ရှိနေပြီး တစ်နှစ်လုပ်ခ ပေါင် ၃၈၄ သန်းထိ ရှိထားပါတယ်။ ရော်နယ်ဒို ထွက်ခွာ သွားခြင်းကြောင့် လုပ်ခပိုင်း ကျဆင်းမှု ရှိနိုင်ပေမယ့် ထပ်မံ လျော့ချရမှုတွေ ရှိနေဦးမှာပါ။
အဆိုးရွားဆုံးကတော့ ၂၀၁၃ ခုနှစ် မှာ ဆာအဲလက်စ် ထွက်သွားပြီးတည်းက ၂၀၂၂ ခုနှစ်ထိ ယူနိုက်တက်ရဲ့ ကစားသမား ရောင်းချမှုကနေ ရတဲ့ အကျိုးအမြတ်ဟာ ပေါင် ၁၃၀ သန်းပဲ ရှိထားပါတယ်။ ဒါဟာ တစ်နှစ်မှ ပေါင် ၁၃ သန်း ဝန်းကျင် ပြန်ရတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း ကြီး ၆ ကြီးကလပ်တွေအဖြစ် ချယ်ဆီးက ပေါင် သန်း ၇၀၀ ကျော်ရထားကာ လီဗာပူး၊ မန်စီးတီး၊ စပါး၊ အာဆင်နယ်တို့က ပေါင် ၃၁၀-၃၈၀ သန်းကြားထိ ရထားတာမို့ ယူနိုက်တက်ရဲ့ ကစားသမားအရောင်း ဘယ်လောက် ညံ့ဖျင်းသလဲ မြင်သာပါလိမ့်မယ်။
ဒီနွေမှာ ယူနိုက်တက်ဟာ မက်ဂွဲရား၊ ဒင်းဟန်ဒါဆန်၊ တော်မီနေး၊ ဆန်ချို၊ မာရှယ် ဗန်ဒီဘိခ်၊ ဖရတ်၊ အီလန်ဂါ၊ တဲလက်စ်၊ ဘိုင်လီနဲ့ ဝီလီယမ်တို့ကို ရောင်းချခြင်းကနေ ပေါင် သန်း ၂၅၀ ထိ ရဖို့ မျှော်လင့်နေတာဖြစ်ကာ အတိတ်က ဈေးကွက်တွေမှာ ညံ့ဖျင်းခဲ့မှုတွေကို ပြန်လည် ဖာထေးနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။