မန်ယူကို မကျေမနပ် ဖြစ်နေပြီး တစ်ခုပြီး တစ်ခု တွစ်တာကနေ စောင်းတင်နေတဲ့ ဒီဂီယာ

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေပိုင်းမှာ ဒီဂီယာ တင်လိုက်တဲ့ တွစ်တာပို့စ် တစ်ခုကြောင့် မန်ယူနဲ့ အနာဂတ်ဟာ လုံးဝကို မသေချာတော့တဲ့ အနေအထားကို ရောက်သွားပြီလားလို့ ယူဆစရာ ဖြစ်လာခဲ့ပါတယ်။

စာချုပ်ကုန်ပြီး အရင် သီတင်းပတ်ကတည်းက အသင်းလက်မဲ့ ဖြစ်သွားခဲ့တဲ့ ဒီဂီယာကို မန်ယူက စာချုပ်သက်တမ်း ပြန်တိုးဖို့အတွက် ဆွေးနွေးနေပေမဲ့လည်း လက်ရှိအချိန်အထိကို အရာမထင်သေးပါဘူး။

မန်ယူ အသင်းအတွက် ကာလရှည် အမှုတော် ထမ်းဆောင်ခဲ့တဲ့ စပိန်သားကို ယူနိုက်တက်က သက်တမ်း တိုးဖို့ အတွက် ဆွေးနွေးနေတဲ့နေရာမှာ အရင်တုန်းက ရခဲ့တဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ထက် လျော့နည်းတဲ့ ပမာဏမျိုးနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ကြားသိရတဲ့ သတင်းတွေအရ ဆိုရင်တော့ မန်ယူဟာ အသင်းအတွက် ၁၂ နှစ်ကြာ ကစားပေးခဲ့တဲ့ ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ နဲ့ပဲ ဆွေးနွေးနေတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

ဒီအတွက် ကစား သမားကိုယ်တိုင်က လက်မခံနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိနေရေး အတွက် ကောလာဟလ သတင်းတွေလည်း ကျယ် ကျယ်ပြန့်ပြန့်ကို ထွက်လာခဲ့တာပါ။

ဒီကြားထဲ ဒီဂီယာရဲ့ တွစ်တာပို့စ်တစ်ခုကြောင့် သို့လောသို့လော သတင်းတွေထွက်လာခဲ့ပါတယ်။

အက်သလက်တီ ကို ဂိုးသမားဟောင်းဟာ အခု သီတင်းပတ်ထဲမှာ သမ်းဝေနေတဲ့ emoji ပုံ လေးကို တွစ်တာမှာ ပထမတစ်ကြိမ် တင်ခဲ့ပါတယ်။

အခု ပြီးခဲ့တဲ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာတော့ စပိန်သားဟာ တစ်စုံတစ်ယောက်ကို ရွဲ့ပြနေ တဲ့ emoji ပုံလေးကို တွစ်တာမှာ ထပ်ပြီး ပို့စ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ ဒုတိယမြောက် တွစ်တာပို့စ်ဟာ ဘယ်သူ့ကို ရည်ရွယ်သလဲဆိုတာတော့ အတိအကျ မသိနိုင်ပေမဲ့ မဲ့ရွဲ့ပြနေတယ် ဆိုတာ ကတော့ အလိုမကျတဲ့ ပုံစံမျိုးကို ညွှန်းဆိုရာ ရောက်နေပါတယ်။

ဒါကြောင့် ဒီဂီယာဟာ မန်ယူအသင်း အပေါ် မကျေနပ်ချက်တွေ များလာပြီလို့ ပြောနေတဲ့သူတွေလည်း လူမှုကွန် ရက်ပေါ်မှာ ရှိလာပါပြီ။

ယူနိုက်တက်ဟာ ဒီဂီယာရဲ့ နံပါတ် ၁ နေရာကို အစားထိုးဖို့အတွက် လက်ရှိမှာ ဂိုးသမားနေရာအတွက် အင်တာ ဂိုးသမား အိုနာနာကို အရ ခေါ်ဖို့ ကြိုးစားနေပါတယ်။