ဟာလန်း လက်သစ်ကို ရဖို့ ဂရင်းဝုဒ်ကို အသုံးချတော့မယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နွေရာသီ အဓိက ပစ်မှတ် ဖြစ်တဲ့ အတ္တလန်တာ ကြယ်ပွင့် ဟွိုက်လန်း ကို ခေါ်ယူနိုင်ဖို့ အတွက် မေဆန် ဂရင်းဝုဒ်ကို အသုံးချဖို့ ပြင်ဆင်လာပါတယ်။

ဟွိုက်လန်းဟာ ဟာလန်း လက်သစ် တိုက်စစ်မှုး လို့ နာမည်ကြီးသူ ဖြစ်ပြီး မန်ယူက ဒီနွေတလျောက်လုံး ပစ်မှတ်ထား ချိတ်ဆက်နေတာပါ။

ဒါပေမယ့် ၎င်းကို ရအောင် မန်ယူ ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်အား အတ္တလန်တာဆီ တရာသီ အငှားချပေးဖို့ ပြင်ဆင်နေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဆမ်မြူရယ် လက်ဟက်စ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အတ္တလန်တာနဲ့ ဒိန်းမတ် လူငယ်ကြယ်ပွင့် ဟွိုက်လန်းကို ယခု နွေဈေးကွက် အတွင်းမှာ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အတ္တလန်တာနဲ့ ယူနိုက်တက်တို့ ကြားထဲမှာ တရားဝင် ဆွေးနွေးမှုတွေလည်း လုပ်ထားပြီးပါပြီ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဒိန်းမတ်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုက်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတ္တလန်တာနဲ့ ဒိန်းမတ်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဟွိုက်လန်းက အရပ်အမောင်း မြင့်မားသလို တိုးအား ၊ ရုန်းအား ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်က ဟွိုက်လန်းကို သူ့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံ မားသော့စ်ကလည်း ဟယ်ရီကိန်း ၊ အိုဆီမန်တို့လို တန်ကြေးမြင့် ကစားသမားတွေကို မခေါ်ပေးနိုင်ချိန်မှာ တန်ဟက်ဂ်အတွက် ဟွိုက်လန်းကို ရအောင် ခေါ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် လက်ဟက်စ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံ ဂျွန် မားသော့စ်က ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း + လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂရင်းဝုဒ်ကို တရာသီ အငှားချပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုမျိုး အတ္တလန်တာဆီ ပေးပို့ထားပြီး အတ္တလန်တာကလည်း ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ချစ်သူနဲ့ ရံုံးရောက် ဂတ်ရောက် ပြသနာတွေကြောင့် ဘောလုံးလောကနဲ့ ၁နှစ်ကျော်ကြာ ဝေးကွာခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားရင် ဂ မီဒီယာတွေရဲ့ ပစ်မှတ် ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဂရင်းဝုဒ်ကို အတ္တလန်တာဆီ အငှားချဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ကစားသမား ကလည်း အတ္တလန်တာဆီ ပြောင်းရွှေ့ဖို့ သဘောတူထားကြောင်း အတ္တလန်တာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြထားကြပါတယ်။