အိုနာနာ၊ မေဆန်မောင့်တို့နဲ့တကွ ရာသီအဖွင့်ပွဲမှာ ဖြစ်လာဖွယ်ရှိတဲ့ မန်ယူ ပွဲထွက် လူစာရင်း
မန်ချက်စတာ ယူနိုက်တက်ဟာ အဓိက ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူထားခဲ့ပြီဖြစ်ကာ လာမယ့်ရက်တွေအတွင်း ကာရင်တန်ကို ဝင်ရောက်လာတော့မှာပါ။
နည်းပြတန်ဟက်က အခြားသော နေရာတွေအတွက်လည်း အင်အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ကာ တိုက်စစ်မှူးတစ်ဦးကတော့ သေချာပေါက် လိုအပ်နေပါတယ်။ ဒါ့အပြင် ဂိုးသမားနေရာအတွက် ဒီဂီယာကို ထွက်ခွင့်ပေးထားပြီး စာချုပ်သစ်ပေးဖို့ မသေချာခြင်းနဲ့အတူ လူသစ်တစ်ဦး ခေါ်ယူဖွယ် ရှိပါတယ်။
မနှစ်တုန်းက အန်တိုနီအတွက် ပေါင် ၈၅ သန်း အကုန်အကျခံ ခေါ်ယူမှု အပါအဝင် အသုံးစရိတ် ပေါင် ၂၂၅ သန်း သုံးထားတဲ့ နည်းပြတန်ဟက်ဟာ ဒီနွေမှာတော့ အကန့်အသတ်ရှိမယ့် ပမာဏတစ်ခုပဲ သုံးရမှာပါ။ အဲ့ထဲက တစ်ဝက်ကိုတော့ မေဆန်မောင့်ကို ခေါ်ယူရေး သုံးစွဲမှာ ဖြစ်ပါတယ်။
လက်ကျန် ပေါင် သန်း ၆၀ ဟာ တိုက်စစ်မှူးတစ်ဦးနဲ့ ဂိုးသမား တစ်ဦး ရစေဖို့ လုံလောက်မလား မသေချာပါဘူး။ ဒီတော့ နည်းပြတန်ဟက် လိုချင်နေတဲ့ ကစားသမားတွေနဲ့ သူတို့ကို ရလာရင် ဖြစ်လာမယ့် ပွဲထွက် လူစာရင်းကို ဖော်ပြသွားပါမယ်။

ဂိုးသမားနေရာအတွက် အေဂျက်မှာ လက်တွဲခဲ့ဖူးတဲ့ ဂိုးသမား အိုနာနာကို လိုချင်နေပါတယ်။ ခံစစ်မှာတော့ လုရှောကို မာတီနက်စ်၊ ဗာရန်းတို့ဖြင့် တွဲဘက်ပေးကာ ညာခြမ်းအတွက်တော့ လေဗာကူဆင်မှ ဖရမ်ပေါင်းကို အလိုရှိနေတာပါ။
ကွင်းလယ်မှာ ကက်စမဲရိုး၊ ဖာနန်ဒက်စ်နဲ့ မောင့်တို့ကို တွဲဘက်ပေးဖို့ဖြစ်ပြီး တိုက်စစ်အတွက်တော့ ရက်ဖိုဒ့်၊ အန်တိုနီတို့နဲ့အတူ သွင်းဂိုးတွေ ရယူရေး စပါးမှ ဟယ်ရီကိန်းကို အလိုရှိတာ ဖြစ်ပါတယ်။