လီဂူးဝမ်း ခံစစ်မှူးကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ အပြိုင်အဆိုင် အားထုတ်နေတဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြတန်ဟက် အလိုရှိနေတဲ့ ခံစစ်ပိုင်းအတွက် ကစားသမား ရှာဖွေမှုကို ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ထုတ်ပြောလာပါတယ်။
နယ်သာလန်သား နည်းပြဟာ ချယ်ဆီးကနေ မောင့်ကို ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူမှု ပြီးမြောက်ပြီးတဲ့နောက် နောက်ထပ် ကစားသမားသစ်တွေ ရဖို့ တွန်းအားပေးနေတာပါ။ စီးရီးအေဂိုးသမား အိုနာနာဟာ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာဖို့ နီးစပ်နေသူ ဖြစ်ပါတယ်။
အေဂျက်မှာ အလုပ်တွဲလုပ်ဖူးတဲ့ ကင်မရွန်း ဂိုးသမားရဲ့ အစွမ်းအစကို တန်ဟက်က သိထားသလို နံပါတ် ၉ တိုက်စစ်မှူးသစ် ရဖို့ကိုလည်း ရည်ရွယ်ထားပါတယ်။ ဒီအတွက် အတ္တလန္တာ တိုက်စစ်မှုး ဟို့ဂျ်လန်းကို ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးကို ရပြီးရင်တော့ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူး နေရာအတွက် အင်အားဖြည့်မှာပါ။ ဒီနွေမှာ နာပိုလီကနေ ကင်မင်ဂျေကို ခေါ်ယူဖို့ အားထုတ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က လက်ဦးသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ခံစစ်အတွက် နောက်ထပ် ပစ်မှတ်ကတော့ မိုနာကိုမှ ဒီဆာစီဖြစ်လာပါမယ်။
ရိုမန်နိုကတော့ ” နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ နှစ်ဦးလုံးက ဒီဆာစီ အခြေအနေကို စူးစမ်းနေပေမယ့် တရားဝင် ကမ်းလှမ်းမှု မရှိသေးပါဘူး။ တန်ဟက်ဘက်က ကစားသမားနဲ့ စကားပြောထားပေမယ့် မိုနာကိုအသင်းထံ ချဉ်းကပ်မှု မဝင်သေးပါဘူး ” လို့ ဖော်ပြခဲ့ပါတယ်။
ပြင်သစ်သား ခံစစ်မှူးဟာ အရပ်အမောင်း မြင့်မားပြီး အသက် ၂၅ နှစ်အရွယ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၄၀ အထက်မှာ ရှိနေမှာဖြစ်ပါတယ်။