အိုနာနာ ကို မရသေးခင် ဒီဂီယာကို လက်လွှတ်ပြီး ဟန်ဒါဆန်နဲ့လည်း ပြသနာ ဆက်တက်နေတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟန်ဒါဆင်ဟာ အရန်ဂိုးသမား အဖြစ် မကစားနိုင်ဘူးလို့ ငြင်းဆန်ပြီးတဲ့နောက် နော်ဝေခြေစမ်းပွဲခရီးစဉ်အတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်ဂိုးသမားဟန်ဒါဆင်ဟာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းမှာ ပုံမှန်ကစားခွင့်မရဘဲ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ် ဖော်ရက်စ်အသင်းမှာ အငှားနဲ့သွားကစားခဲ့ရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုအချိန်မှာ ဟန်ဒါဆင်ဟာ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလာပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင် ကစားခွင့် ရဖို့ရှိတယ်လို့ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ မနက်ဖြန် ည နော်ဝေနိုင်ငံ၊ အာ့စ်လိုမြို့မှာ လိဒ်စ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ကစားသွားမှာဖြစ်ပြီး အဲဒီပွဲအတွက် လူစာရင်းမှာ ဟန်ဒါဆင် မပါဝင်ခဲ့ပါဘူး။
ယူနိုက်တက်အသင်းဟာ အင်တာမီလန် ဂိုးသမား အိုနာနာကို မကြာခင် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဟန်ဒါဆင်က လာမယ့်ရာသီမှာ အိုနာနာရဲ့နောက် ဒုတိယဂိုးသမားအဖြစ် မကစားနိုင်ဘူးဆိုပြီး အဲရစ်တန်ဟက်ကို အသိပေးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် လိဒ်စ်နဲ့ကစားမယ့်ပွဲအတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ (၁၂)နှစ်ကြာကစားခဲ့တဲ့ စပိန်ဝါရင့်ဂိုးသမား ဒီဂီယာဟာ မကြာသေးခင်က အသင်းနဲ့ လမ်းခွဲသွားတာကြောင့် လာမယ့်ရာသီကျရင် ဟန်ဒါဆင်အတွက် ပွဲထွက်ကစားခွင့် ပိုရဖို့ ရှိတယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ အိုနာနာကို ပေါင်(၄၃)သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အဲရစ်တန်ဟက်အနေနဲ့ အိုနာနာကို လာမယ့် ရာသီကျရင် နံပါတ်(၁)ဂိုးသမားအဖြစ် အသုံးပြုသွားမယ့် အနေအထားပါပဲ။
အဲဒါကြောင့် ဟန်ဒါဆင်ဟာ ဒုတိယဂိုးသမားအဖြစ် မကစားနိုင်ဘူး ဆိုပြီး အဲရစ်တန်ဟက်ကို အသိပေးခဲ့တယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အိုနာနာကို ခေါ်ပြီးတာနဲ့ ဟန်ဒါဆင်ကို နော်တင်ဟမ်ဖော်ရက်စ်အသင်းဆီ ပေါင် သန်း(၂၀)နဲ့အပြီးသတ် ရောင်းချဖို့ရှိတယ်လို့လည်း The Athletic ဝက်ဘ်ဆိုက်က သုံးသပ်ခဲ့ပါတယ်။
လိဒ်စ်အသင်းနဲ့ပွဲအတွက် လူစာရင်းမှာ ဟန်ဒါဆင် မပါဝင်နိုင်တာက နော်တင်ဟမ်ဖော်ရက်စ်အသင်းမှာ အငှားနဲ့ကစားခဲ့တုန်းက ရရှိခဲ့တဲ့ဒဏ်ရာ မသက်သာသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဟန်ဒါဆင်ဟာ ပေါင်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရပြီး အခုလောလောဆယ် ရာနှုန်းပြည့်ကြံ့ခိုင်မှုရဖို့ ရုန်းကန်နေရပါတယ်။
လိဒ်စ်နဲ့ကစားမယ့်ပွဲအတွက် ယူနိုက်တက်အသင်းလူစာရင်းမှာ နံပါတ်(၇)ပိုင်ရှင်သစ် မေဆင်မောင့်နဲ့အတူ ဗာရန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဘစ်ဆာကာ၊ ဆန်ချိုတို့ ပါဝင်ပေမယ့် ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ မက်ဂွိုင်းယား၊ လုခ်ရှောတို့ ချန်လှပ်ခံခဲ့ရပါတယ်။