ပါရီဆစ်၊ ဂလဲဟား၊ လင်ဂတ်တို့နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့နဲ့ ဘောလုံး သတင်းတိုများ
ပဲလေ့စ်မှာ ခြေစွမ်းပြနေတဲ့ ဂယ်လင်ဟာကို အလျင်စလို ပြန်လည်ခေါ်ယူဖို့ မလိုအပ်ကြောင်း၊ ဂယ်လဲဟာ အနေနဲ့ နေရာမှန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားလျက် ရှိနေကြောင်း ချဲလ်ဆီးနည်းပြ တူချယ်က ဖွင့်ဟခဲ့ပါတယ်။
မန်စီးတီးအသင်းကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံရဖို့ အရမ်း ရေပန်းစား လာခဲ့တဲ့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ် မရှိကြောင်းနဲ့ အဲ့ဒီအကြောင်းတွေကိုလည်း တွေးတောနေမှာ မဟုတ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။
အာဆင်နယ်နည်းပြအာတီတာက သူ့အနေနဲ့ ဒီနှစ် ဥရောပပြိုင်ပွဲတွေကို ကြည့်ရတာ ကျေနပ်ခြင်း မရှိကြောင်း၊ ပြိုင်ဘက်တွေက ဥရောပပွဲစဉ်တွေ ကစားရတဲ့အချိန်မှာ သူ့အနေနဲ့ နေရခက်ကြောင်း ဝန်ခံခဲ့ပါတယ်။”ဥရောပွဲတွေ ကြည်ရတာ ကျွနေ်တာ့်အတွက် နေရခက်ပါတယ်”လို့ အာတီတာက ဆိုခဲ့တာပါ။

အဲဗာတန်နည်းပြ ဘင်နီတက်ဇ်က သူတု့ိအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲသွားမှာ မဟုတ်ကြောင်း၊ လက်ရှိဘဏ္ဍာရေးအခြေအနေကို အကောင်းဆုံး ထိန်းကျောင်းနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
အင်တာမီလန် တောင်ပံ ကစားသမား ပါရီဆစ်အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အစီအစဉ်မရှိကြောင်း အီတလီသတင်းဌာနက ဖော်ပြထားပါတယ်။ ပါရီဆစ် ကဘွန်ဒက်လီဂါကို ပြန်လည်ပြောင်းလိုနေပြီး သူ့ကို ပရီးမီးယားလိဂ်ကလပ်တွေကလည်း ချဉ်းကပ်နေကြပါတယ်။
စပါးနည်းပြသစ် ကွန်တီက ကွင်းလယ်လူအလီအနေနဲ့ သူ့အရည်အသွေးကို သက်သေပြနိုင်ဖို့အတွက် အခွင့်အရေးရမှာဖြစ်ကြောင်း၊ အလီက အလားအလာရှိတဲ့ ကစားသမားဖြစ်ပြီး ခန္ဓာကိုယ်ပိုင်း ကြံ့ခိုင်လွန်းသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေ ထွက်ခွာဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ မန်ယူအနေနဲ့ လင်ဂတ်ကို အလွတ်နဲ့ လက်လွှတ်ရမဲ့အရေးကို စိုးရိမ်လို့ဇန်နဝါရီမှာ အပြီးသတ် ရောင်းချဖွယ် ရှိနေပါတယ်။
နောဝစ်ချ် အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ထားသူလည်းဖြစ်သလို မနေ့ညက ဘရန့်ဖိုဒ့် အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဒီရာသီရဲ့ ပထမဆုံးသော လိဂ်နိုင်ပွဲအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဒန်နီရယ်ဖာကီကို အသင်းဘက်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် ထုတ်ပြန်လာခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူ ပေါ်ရိုအနေနဲ့ အငှားကစားနေတဲ့ စပို့တင်းလစ္စဘွန်းကို အပြီးသတ်ပြောင်းရွှေ့ဖု့ိ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးကွင်းလယ်ဟောင်း ဒန်နီမာဖီ ကတော့ မန်ယူအနေနဲ့ ကောင်းမွန်တဲ့ရလဒ်တွေ လိုချင်တယ်ဆိုရင် နည်းပြဆိုးလ်ရှားကို မဖြစ်မနေ ထုတ်ပယ်ရတော့မှာဖြစ်ကြောင်း မှတ်ချက်ပြုတိုက်တွန်းခဲ့ပါတယ်။