မောင့် မဆိုး၊ ဆန်ချို မဟန်ဘဲ လူငယ်တွေ အစွမ်းပြ ဂိုးသွင်းကြပြီး မန်ယူ မျက်နှာပန်းလှသွားတဲ့ လိဒ်စ်နဲ့ ခြေစွမ်းပွဲ အနိုင်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီသစ်ကြိုကာလ ပထမဆုံးခြေစမ်းပွဲ အဖြစ် မနေ့ညက လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ၂-ဝ နဲ့ အနိုင်ယူပြီး တာထွက်ကောင်းခဲ့ပါတယ်။

မန်ယူအသင်းဘက်မှာ နံပါတ်(၇)ပိုင်ရှင်သစ် မေဆင်မောင့်နဲ့အတူ ဘစ်ဆာကာ၊ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်း၊ ဆန်ချိုစတဲ့ စီနီယာကစားသမားတွေ ပါဝင်ကစားခဲ့ကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဘ၀ ပွဲဦးထွက်ခြေစမ်းပွဲမှာ မေဆင်မောင့်ဟာ အတိုင်းအတာတစ်ခုအထိ ပုံစံကောင်းပြသနိုင်ပြီး ကွင်းလယ် တစ်ကြောလုံးကို နေရာစုံလိုက်ကစားခဲ့ပါတယ်။

ခြေစမ်းပွဲဖြစ်တဲ့အပြင် ပထမပိုင်း(၄၅)မိနစ်လောက်သာ ကစားခဲ့ရတာကြောင့် အဲရစ်တန်ဟက်ရဲ့ နည်းဗျူဟာတွေနဲ့ မေဆင်မောင့် ချက်ချင်းအသားကျပြီလို့ အခိုင်အမာပြောဖို့စောသေးပေမယ့် မောင့် ရောက်လာတာက ယူနိုက်တက် ကွင်းလယ် တိုက်စစ်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အနေအထားတော့ မြင်တွေ့ခဲ့ရပါတယ်။

လူငယ်လေးတွေဖြစ်တဲ့ ဟန်နီဘယ်လ်၊ ကိုဘီမင်နူး၊ ဒီယာလို၊ အယ်လ်ဗာရိုဖာနန်ဒက်ဇ်တို့ ခြေစွမ်းပြခဲ့ပေမယ့်လည်း ဒီကစားသမားတွေနဲ့ အသက်မတိမ်းမယိမ်းဖြစ်ပြီး အတွေ့အကြုံ ပိုများတဲ့ ဆန်ချိုကတော့ ထုံးစံအတိုင်း ရုန်းကန်နေရဆဲပါပဲ။

ဒီပွဲအတွက် Rating သတ်မှတ်ချက်မှာ ဆန်ချိုဟာ (4)သာ ရရှိခဲ့ပြီး အဆိုးရွားဆုံးလည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်တို့ အပိုင်အခွင့်အရေးတချို့ရခဲ့ပြီး ပယ်နယ်တီဧရိယာအတွင်း ဟန်နီဘယ်လ်ရဲ့ အနီးကပ် ကန်ချက်ကို လိဒ်စ်အသင်းဂိုးသမား ကလက်ဆန် ကာကွယ်နိုင်တာကြောင့် ယူနိုက်တက်အသင်း နစ်နာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လိဒ်စ်အသင်းဟာ နော်ဝစ်ချ် နာမည်ကျော် နည်းပြဟောင်း ဒန်နီယဲလ်ဖာကာကို နည်းပြသစ်ခန့်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးပွဲမှာ ရှုံးပွဲနဲ့စတင်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒုတိယပိုင်းမှာ လူငယ်တွေနဲ့အစားထိုးကစားစေခဲ့ပြီး လူငယ်တွေအားလုံးက စိတ်ဓာတ် အပြည့်နဲ့ကြိုးစားကစားကြသလို အဲရစ်တန်ဟက် သဘောကျလောက်တဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့တာက တောင်ပံ တိုက်စစ်ကစားသမား အမ်မရန်ပါပဲ။

အသက်(၂၀)သာရှိသေးတဲ့ ပြင်သစ်လူငယ်ကစားသမားအမ်မရမ်ဟာ ညာခြမ်းကနေ လိဒ်စ်အသင်းခံစစ်ကို ကောင်းကောင်းဒုက္ခပေးပြီး ယူနိုက်တက် ရသွားတဲ့ (၂)ဂိုးစလုံးက သူ့ရဲ့စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။

(၆၇)မိနစ်မှာ ဟန်ဆန်အော်ရွန် ခင်းပေးလိုက်တာကနေ အမ်မရန်က ဘယ်ခြေနဲ့အပိုင်ပိတ်သွင်းပြီး ဒုတိယဂိုးကို တိုက်စစ်မှူးဟူဂယ်လ် သွင်းယူနိုင်အောင် ဂိုးဖန်တီးပေးခဲ့ပါတယ်။

ပထမပိုင်းမှာ စီနီယာကစားသမားတွေ ဝင်ကစားပြီး ဂိုးမသွင်းနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ လူငယ်တွေရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်စီနီယာ ကစားသမားတွေအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။

အခုနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ရာသီကြိုခြေစမ်းပွဲကာလမှာ အဖွင့်လှခဲ့ပြီး နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့ကျရင် လိုင်ယွန်အသင်းနဲ့ ဒုတိယခြေစမ်းပွဲ ကစားသွားမှာဖြစ်ပါတယ်။