မန်ယူ ကွင်းလယ်ပိုင်းကို အားမရသေးဘဲ ပြိုင်ဘက်ပစ်မှတ်ကို ဝင်လု ခေါ်ဖို့ တိုက်တွန်းလိုက်တဲ့ သရဲနီဟောင်းကြီး

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရာသီသစ်မှာ ပိုမိုတောင့်တင်းတဲ့ ကွင်းလယ်ပိုင်း ပိုင်ဆိုင်စေဖို့အတွက် မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားသင့်ပြီ ဖြစ်ကြောင်း သရဲနီ တိုက်စစ်မှုးဟောင်းကြီး ဒွိုက်ယော့ခ် က တိုက်တွန်း သွားခဲ့ပါတယ်။

မန်ယူရဲ့ ပြည်တွင်း ပြိုင်ဘက် ချဲလ်ဆီးအသင်းကလည်း အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒို ကို ခေါ်ယူဖို့ အတွက် အလေးအနက် စိတ်ဝင်စားနေခဲ့ပြီး ကစားသမားဖက်ကလည်း လန်ဒန် ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ပြောကြားခဲ့ပါသေးတယ်။

ဒါပေမဲ့ ဘရိုက်တန် အသင်းဖက်မှ ကစားသမား ဖြစ်သူ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ သတ်မှတ် လိုက်တာက ချဲလ်ဆီး တို့ကို ရှေ့ဆက်စေဖို့ အခက်အခဲဖြစ်စေခဲ့ပါတယ် ။ အခြားတဖက်မှာတော့ ယူနိုက်တက် တို့က မေဆွန်မောင့်ကို ခေါ်ယူထားခဲ့ပါပြီ ။

ဒါ့အပြင် ဂိုးသမား နေရာအတွက် အင်တာ မီလန် အသင်းမှ အိုနားနား ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေကြပါတယ် ။ ဒါ့အပြင် တိုက်စစ်မှူး နေရာအတွက် ယူနိုက်တက်တို့ဟာ အတ္တလန္တာ မှ ဟော့ဂျ်လန်း ကို ခေါ်ယူဖို့ပါ စိတ်ဝင်စား နေခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ဒွိုက်ယော့ခ် ကတော့ အသင်းဟောင်းဟာ ကွင်းလယ်ပိုင်းမှာ အားနည်းနေသေးတယ်လို့ ယူဆနေခဲ့ပြီး ကာစီမီရို မရှိပါက အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးရင်း ကိုင်စီဒို ကို ခေါ်ယူစေချင်တာပဲ ဖြစ်ပါတယ် ။

” ဘောလုံးလောကမှာ ကစားသမားတွေရဲ့ ဈေးနှုန်းတွေက ရယ်စရာ ဖြစ်နေခဲ့ရပါပြီ ။ ခေတ်ကိုက ဒီလိုပါပဲလေ ၊ ဒါပေမဲ့ မွိုက်စ် ကိုင်စီဒို က တကယ့် ကစားသမားကောင်း တစ်ယောက်ပါ ။ သူဟာ ဘရိုက်တန် အသင်းမှာ တကယ့်ကို ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့ပါတယ် ”

” အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ခေါ်မယ်ဆို ကျွန်တော် အံ့သြမှာ မဟုတ်ပါဘူး ။ သူတို့ လိုနေတာ ဒီနေရာပဲလေ ။ ကာစီမီရို ဒဏ်ရာရ ၊ ပွဲပယ်ခံရတဲ့အခါ အသင်းဟာ ဘယ်လို ဖြစ်သွားတတ်သလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ကြမှာပါ ”

” ကိုင်စီဒို က အဲ့ဒီလို အရာတွေကို လုပ်ပေးနိုင်ပါတယ် ။ သူဟာ အရွေ့ကောင်းသူ ၊ ရန်လိုစိတ်ရှိသူ ၊ ဘောလုံးလုနိုင်သူ တစ်ဦးပါပဲ ။ ချဲလ်ဆီး အသင်းက သူ့ကို ဒါကြောင့် စိတ်ဝင်စားနေတာ ကျွန်တော် သိပါတယ် ” လို့ ဒွိုက်ယော့ခ် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။