ဟွိုင်လန်း၊ ရက်ဖို့ဒ်၊ မာရှယ်၊ အိုနာနာ၊ အမ်မရာဘတ် တို့နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီအပတ်ထဲ လှုပ်ရှားစရာများ
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ရဲ့ ဒီတစ်ပါတ် အတွင်း အပြောင်းအရွှေ့ လှုပ်ရှားမှု လားရာတွေကို စုစည်း ဖော်ပြပေးပါမယ်။
လက်ရှိအချိန်မှာတော့ ယူနိုက်တက်က ဂိုးသမား အိုနားနားကို ရရှိဖို့ အတွက် အတော်လေး နီးစပ်နေခဲ့ပါပြီ။ ယူနိုက်တက်တို့ အနေနဲ့ အင်တာ မီလန် အသင်းနဲ့ စာရွက်စာတမ်း ကိစ္စတွေ လုပ်ဆောင်ဖို့ပဲ ကျန်ရှိနေတော့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ယူနိုက်တက်တို့ဟာ အိုနားနား အတွက် ပေါင် ၄၃ သန်း ပေးရမယ်လို့ သတင်းကြီးနေခဲ့ရပါတယ် ။ ဒီလိုသာဆိုရင် ယူနိုက်တက်တို့ရဲ့ လက်ကျန် သုံးစွဲငွေဟာ အရမ်းကို လျော့ကျသွားမှာ ဖြစ်ပြီး ဟွိုင်လန်း ကို ခေါ်ယူနိုင်ဖို့ အခက်တွေ့ရဖွယ် ရှိနေပါတယ်။
အတ္တလန္တာ အသင်းဖက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း အထိ လိုချင်နေပါတယ်။ ဒါဟာ ကစားသမား ဖြစ်သူရဲ့ ငယ်သေးတဲ့ အသက်အရွယ်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဖက်မှ ပေါင် ၆၅ သန်းတန် ကမ်းလှမ်းမှုမျိုး လုပ်ဆောင်သွားဖို့ ရှိနေပြီး အတ္တလန္တာ အသင်းဖက်ကလည်း ငြင်းဆန်နိုင်ခြေ နည်းပါးနေတယ်လို့ ဒေးလီးမေးလ် သတင်းထောက်က ဖော်ထုတ်ထားပါတယ်။
ဟွိုင်ဟော့ဂျ်လန်းဟာ အသက် ၂၀ သာ ရှိနေသေးပေမဲ့ သူ့ရဲ့ ပြီးခဲ့တဲ့ ရာသီက သွင်းဂိုးဟာ ၁၀ ဂိုးသာ ရှိခဲ့တဲ့ အတွက် ပေါင် ၆၅ သန်း ဆိုတာက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးလို့ ပြောလို့ရနိုင်ပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာဆီ ပြောင်းချင်နေတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မားကပ်စ် ရပ်ရှ်ဖို့ ကို စာချုပ် သက်တမ်းတိုးဖို့ နီးစပ်နေပါပြီ ။ သူ့ကို စာချုပ် သက်တမ်းတိုးပြီး ဟွိုင်လန်း ကို ခေါ်နိုင်ခဲ့ရင် ယူနိုက်တက်တို့ အန်သိုနီ မာရှယ် အတွက် ကမ်းလှမ်းမှုတွေ လက်ခံသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် ဂရင်းဝုဒ် ကိုလည်း အငှားချသွားဖို့ ယူနိုက်တက်တို့ ကြံရွယ်နေကြပါတယ်။ အခြားတဖက်မှာတော့ ဂါလာတာစာရေး အသင်းဟာ ဖရက်ဒ် ကို စိတ်ဝင်စားနေပါတယ် ။ ဒါ့အပြင် ဗန်ဒီ ဘိခ် နဲ့ တော်မီနေး တို့ကိုလည်း ယူနိုက်တက်တို့ ရောင်းချဖို့ ဆန္ဒရှိနေကြပါတယ်။
အကယ်လို့ အဆိုပါ အပြောင်းအရွှေ့တွေသာ ဖြစ်ပွားခဲ့ရင်တော့ ယူနိုက်တက်တို့ဟာ ဖီအိုရင်တီးနား အသင်းမှ မော်ရိုကို လက်ရွေးစင် ဆိုဖီယံ အမ်မရာဘတ် ကို ဆက်လက် ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။