အားရစရာ မရှိသေးပေမယ့် ဗန်ဒီဘိခ် သွင်းဂိုးနဲ့ လိုင်ယွန်ကို နိုင်ခဲ့တဲ့ မန်ယူရဲ့ ဒုတိယ ခြေစမ်းပွဲ အကြောင်း
ရာသီကြိုခြေစမ်းပွဲ(၂)ပွဲ ကစားပြီးချိန်မှာ (၂)ပွဲလုံး နိုင်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းပိုင်းက သိပ်ပြီး အားရကျေနပ်စရာ အနေအထား မရောက်သေးဘူး။ မနေ့ညက လိုင်ယွန်နဲ့ ခြေစွမ်းပွဲမှာလည်း ဗန်ဒီဘိခ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ မန်ယူတို့ အနိုင်ရခဲ့ပါတယ်။
လူမစုံသေးတာရယ်၊ ခြေစမ်းပွဲကာလဖြစ်နေတာကြောင့်လို့ ဆင်ခြေပေးလို့ရပေမယ့် မနှစ်က ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပိုင်းနဲ့ အခုနှစ်မှာ ကွာခြားမှုတွေရှိတာကို တွေ့ခဲ့ရတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)
လိဒ်စ်နဲ့ပထမပွဲတုန်းက အဓိက,ကစားသမားတချို့ပါဝင်ပေမယ့် ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်းမှ လူငယ်တွေ ဝင်လာပြီး ဂိုးတွေသွင်းယူခဲ့သလို အခု လိုင်ယွန်နဲ့ပွဲမှာလည်း ဒုတိယပိုင်းမှပဲ ဂိုးသွင်းနိုင်ခဲ့ပြန်တယ်။
ညက လိုင်ယွန်နဲ့ ပွဲမှာ အန်တိုနီ ပွဲထွက်ကစားပြီး အရင် ညာခြမ်းအစား ဘယ်ခြမ်းကို ပြောင်းလဲကစားခဲ့သလို ပွဲအစပိုင်းမှာ သူ့ရဲ့ အပိုင်အခွင့်အရေးတစ်ကြိမ်ကို လိုင်ယွန် ဂိုးသမားအန်သိုနီလိုပက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲစစချင်း (၅)မိနစ်အတွင်းမှာ ယူနိုက်တက် တိုက်စစ် အရှိန်မြှင့်ကစားခဲ့ပြီး အခွင့်အရေး(၃)ကြိမ်လောက်ရပေမယ့် ဒီယာလို၊ အန်တိုနီ၊ ကိုဘီမင်နူးတို့ရဲ့ကန်ချက်တွေ လွဲချော်တာနဲ့ လိုင်ယွန်ဂိုးသမား ကာကွယ်နိုင်တာကြောင့် ယူနိုက်တက် ဂိုးမရခဲ့ပါဘူး။
ဒီပွဲမှာ False 9 ပုံစံကစားတဲ့ လူငယ်ကစားသမား ဟန်နီဘယ်လ်၊ ကစားသမားသစ် မေဆင်မောင့်တို့ သိပ်ပြီး ခြေစွမ်းမပြနိုင်ဘဲ အတွဲအဖက်မမိတဲ့အတွက် ပွဲချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက် ကွင်းလယ်က ‘ခါးကြောပြတ်’သလိုဖြစ်လာပြီး တိုက်စစ်ကစားအား ကျသွားတာကိုလည်း တွေ့ရတယ်။
နည်းပြကြီးအဲရစ်တန်ဟက် ကိုယ်တိုင်ကလည်း သူ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်ပြီး ခေါင်းတစ်ခါခါဖြစ်တာကိုလည်း သတိထားမိခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ယူနိုက်တက် တစ်သင်းလုံး လူစားလဲပြီး မကြာသေးခင်ကမှ အသင်းကို တစ်ကျော့ပြန်ရောက်လာတဲ့ ဝါရင့်နောက်ခံလူ အီဗန်စ် ပါဝင်ကစားခဲ့သလို ဗန်ဒီဘိခ်၊ ဖရက်ဒ်တို့လည်း လူစားဝင် ကစားခဲ့ပါတယ်။
ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ လူငယ်ကစားသမား ဒန်နီယဲလ်ဂေါ် ညာခြမ်းကနေ ကန်တင်ပေးလိုက်တာကို ဗန်ဒီဘိခ်က မြေမကျကန်ပြီးတော့ ဂိုးသွင်းခဲ့ပြီး ခြေစမ်းပွဲမှာ ဂိုးသွင်းနိုင်တာဖြစ်ပေမယ့် ဗန်ဒီဘိခ်အတွက် အရေးပါတဲ့ဂိုးဖြစ်တယ်ဆိုတာ သူ့ရဲ့အောင်ပွဲခံပုံကို ကြည့်ရင် အထင်အရှားတွေ့ရမှာပါ။
လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက စိတ်ဝင်စားစရာမကောင်းဘဲ (၁-ဝ)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးခဲ့တယ်။
ယူနိုက်တက်လူငယ်တွေထဲမှာ ဟန်ဆန်အော်ရွန်၊ ဝီလ်ဖစ်ရှ်၊ ဒန်နီယဲလ်ဂေါ်၊ အမ်မရန်တို့က အလားအလာရှိတဲ့သူတွေလို့ သတ်မှတ်ရမှာဖြစ်ပြီး ရာသီသစ်စရင် စီနီယာအသင်းမှာနေရာတစ်ခုရမလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။
ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲ(၂)ပွဲကစားပြီးချိန်မှာ (၂)ပွဲအနိုင်ရပြီး တတိယမြောက်ပွဲအဖြစ် လာမယ့်တနင်္ဂနွေ၊ မြန်မာစံတော်ချိန် ညနေ(၃:၃၀)အချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်နဲ့ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။