၂နှစ် နီးပါးကြာမှ ဂိုးပေါက် ပြန်တွေ့တဲ့ သရဲနီတို့ အမေ့ခံ ဗန်ဒီဘိခ် အတွက် ပျော်ရွှင်ဝမ်းမြောက် နေကြတဲ့ မန်ယူ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ‘အမေ့ခံ’ကွင်းလယ်လူ ဗန်ဒီဘိခ် ဟာ လိုင်ယွန်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ရာသီကြို ခြေစမ်းပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ပထမ ခြေစမ်းပွဲ ဖြစ်တဲ့ လိဒ်စ်နဲ့ပွဲမှာကစားခွင့် မရခဲ့ဘဲ အခုလိုင်ယွန်နဲ့ပွဲမှာ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ပြီး (၄၉)မိနစ်မှာ ညာခြမ်းကနေ ဒန်နီယဲလ်ဂေါ် ကန်တင်ပေး လိုက်တာကို မြေမကျကန်ချက်နဲ့ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းအတွက် ဂိုးမသွင်းနိုင်တာ နှစ်ပေါက်နေပြီဖြစ်ပြီး နောက်ဆုံးဂိုးသွင်းခဲ့တာက ၂၀၂၁၊ နိုဝင်ဘာလတုန်းက ဝက်ဖို့ဒ်ကို (၄-၁)ဂိုးနဲ့ရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာဖြစ်ပါတယ်။

အခုပွဲက ခြေစမ်းပွဲဖြစ်တာကြောင့် ဒီဂိုးဟာ တရားဝင်သွင်းဂိုးအဖြစ် မသတ်မှတ်နိုင်ပေမယ့် ဗန်ဒီဘိခ်ကတော့ ယူနိုက်တက်အတွက် တစ်ကျော့ပြန် ဂိုးသွင်းနိုင်တဲ့အတွက် ဝမ်းသာအားရဖြစ်ပြီး အကြီးအကျယ် အောင်ပွဲခံခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေကလည်း ဂိုးပေါက်ပြန်ရှာတွေ့ခဲ့တဲ့ ဗန်ဒီဘိခ်အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ လူမှုကွန်ယက်ကနေ အခုလို ချီးကျူးစကားပြောခဲ့ကြပါတယ်။

‘ဒီဂိုးဟာ ဗန်ဒီဘိခ်အတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ် . .’၊

‘ဗန်ဒီဘိခ်အတွက် ဝမ်းသာမိပါတယ်။ ယူနိုက်တက်မှာ ဗန်ဒီဘိခ် အခုထက်ပိုပြီးအဆင်ပြေဖို့ မြင်ချင်ပါတယ်’၊

‘ဒီဂိုးက ရာသီကြိုခြေစမ်းပွဲမှာ သွင်းတဲ့ဂိုးဖြစ်ပေမယ့် နှစ်တွေအကြာကြီး ဂိုးပေါက်ပျောက်ပြီးတဲ့နောက် ဂိုးပြန် သွင်းနိုင်တာက အပေါင်းလက္ခဏာပါပဲ။ ဗန်ဒီဘိခ် ပြုံးပျော်နေတာကို မြင်ရတာက တကယ်ဝမ်းသာစရာကောင်းပါတယ်’၊

‘တကယ်လှတဲ့ဂိုးပါ . .ဒါက ဗန်ဒီဘိခ်အတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာ အထင်အရှားတွေ့ရမှာဖြစ်ပြီး အခုထက် အလုပ်ကြိုးစားဖို့ လိုအပ်ပါတယ်’လို့ ရေးသားခဲ့ကြပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ဟာ ၂၀၂၀ ခုနှစ်က အေဂျက်စ်ကနေ ယူနိုက်တက်ကို ပေါင်(၃၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းမှာ ရုန်းကန်ခဲ့ရပြီး အခုအချိန်အထိ ပွဲပေါင်း(၆၀)ကစား၊ (၂)ဂိုးသာ သွင်းယူနိုင်သလို ၂၀၂၁-၂၂ ရာသီဝက်က အဲဗာတန်အသင်းဆီ အငှားနဲ့သွားကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း ဗန်ဒီဘိခ်ဟာ ပြိုင်ပွဲစုံ(၁၀)ပွဲသာ ကစားခဲ့ရသလို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ဘုန်းမောက်နဲ့ပွဲမှာ ဒူး ဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရပါတယ်။