တန်ဟတ်က ဘရူနို ဖာနန်ဒက်စ် ကိုမှ ဘာလို့ အသင်းခေါင်းဆောင် တာဝန်ပေးခဲ့သလဲ အတွင်းသတင်း ထွက်ပေါ်လာ
မန်ယူနည်းပြ အဲရစ်တန်ဟတ်ကတော့ အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ပြီး ပေါ်တူဂီသား ဘရူနို ဖာနန်ဒက်စ်ကို ယူနိုက်တက်ရဲ့ တရားဝင် အသင်းခေါင်းဆောင် ခန့်လိုက်ပါပြီ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းခေါင်းဆောင်ရာထူး တရားဝင် ရထားခဲ့တဲ့ မက်ဂွိုင်းယားဟာ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရတာကြောင့် ဘရူနို ဖာနန်ဒက်စ် ဟာ သရဲနီ အသင်းခေါင်းဆောင် လက်ပတ် ကို ပွဲတော်တော်များများမှာ တာဝန်ယူခဲ့သူပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ၂၇ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မန်ယူ အသင်းရဲ့ ပြိုင်ပွဲစုံ ၆၂ ပွဲထဲကနေပြီး ၄၂ ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ် ဝတ်ဆင်ခွင့်ရခဲ့တယ်။
မန်ယူလို ကမ္ဘာ့အဆင့်မီ ကစားသမားကောင်းတွေ ရှိနေပြီး အသင်းကို ဦးဆောင်နိုင်စွမ်းပြည့်ဝတဲ့ ထူးချွန်အဆင့် ကစားသမားမျိုးတွေ ရှိနေတဲ့ အထဲမှာမှ နည်းပြတန်ဟတ်ဟာ ဖာနန်ဒက်စ်ကို ဘာလို့များ ရွေးပြီး ခေါင်းဆောင် ခန့်ရသလဲဆိုတာ လက်ရှိအချိန်မှာ ပရိသတ်တွေ သိချင်နေတဲ့ အဖြေတစ်ခု ဖြစ်လာပါတယ်။
လက်ရှိ မန်ယူအသင်း လူစာရင်းကို ကြည့်လိုက်ရင် နောက်ခံလူ ဗာရန်း၊ လုခ်ရှော၊ ကွင်းလယ်လူ ကက်စ်မီရို၊ အဲရစ်ဆင်တို့အပြင် အသင်းနဲ့ ခွဲထားလို့မရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့လို ပရိုဖိုင်အမြင့် ကစားသမားတွေ ရှိနေပေမဲ့ ရှိနေပေမဲ့ တန်ဟတ်ကတော့ ဖာနန်ဒက်စ်မှ ဖာနန်ဒက်စ်ပဲ ဖြစ်ခဲ့တာပါ။
ဒါဟာ ဘာကြောင့်လဲလို့ နည်းနည်းလေး တီးခေါက်ကြည့်တဲ့အခါ အတွင်းသတင်းတွေက ပြောကြဆိုကြတာကတော့ ပေါ်တူဂီသားဟာ မန်ယူအသင်းသားတွေ အကုန်လုံးအပေါ်မှာ ကွင်းတွင်း၊ ကွင်းပြင် သြဇာလွှမ်းမိုးနိုင်မှုက အဓိက ကျနေတယ်လို့ သိရပါတယ်။
ဖာနန်ဒက်စ်မှာ အသင်းကို လှုံ့ဆော်ပေးနိုင်တဲ့ အရည်အသွေးက ပင်ကိုယ် ဗီဇတစ်ခုလိုဖြစ်နေပြီး အဝတ်လဲခန်း ထဲမှာလည်း အသင်းသားတွေအပေါ် သြဇာ သက်ရောက်မှုရှိတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးထားနိုင်သူလို့ သိရ ပါတယ်။
နောက်ပြီး ပွဲကစားတဲ့အခါမှာလည်း ဖာနန်ဒက်စ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်နဲ့ ပွဲအပေါ် ပညာဉာဏ်နဲ့ သုံးသပ်နိုင်မှုကို နည်းပြတန်ဟတ်က သဘောကျနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖာနန်ဒက်စ်ရဲ့ လူမှုဆက်ဆံရေးကို သဘောကျတဲ့ အသင်းအကြီးအကဲတွေဟာ ပေါ်တူဂီသားကို အသင်း ရဲ့ တရားဝင် အခွင့်ရ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလ မန်ချက်စတာ ဒါဘီပွဲ မတိုင်ခင်ကတည်းက ရာထူးအပ်နှင်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် နည်းပြ တန်ဟတ်ဟာ ဖာနန်ဒက်စ်ရဲ့ ဘက်ပေါင်းစုံမှာ ထူးချွန်တဲ့အရည်အသွေးတွေကို သဘောကျ လွန်းတာကြောင့် အခုလိုမျိုး အသင်းခေါင်းဆောင် လက်ပတ်ကို တရားဝင် ပေးအပ် လိုက်တာပဲ ဖြစ်ပါတယ်။