မန်ယူကို ရှုံးရလို့ ခါးသီးနေပြီး ခပ်ကြမ်းကြမ်း ကစားဟန်ကို ပြစ်တင်သွားတဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ခြေစမ်းပွဲက ပြိုင်ဘက်အသင်းရဲ့ ကြံ့ခိုင်မှုအသားပေး ကစားဟန်အတွက် ဘာမှတ်ချက်မှ မပေးလိုကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အရှုံးရလဒ် အတွက် မခံစားနိုင်ဖြစ်နေရကြောင်းကိုလည်း ဝန်ခံသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယူနိုက်တက်ကို သာမန်ပွဲကစားချိန်အတွင်း နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ၅-၃ ဂိုးနဲ့ ထပ်မံအရေးနိမ့်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီပွဲမှာ ယူနိုက်တက် ကစားသမားတွေက အာဆင်နယ် ကစားသမားတွေကို ကြံ့ခိုင်မှုအသားပေးပြီး မာမာထန်ထန် တုံ့ပြန်ကစားခဲ့တာကြောင့် အာဆင်နယ်တို့ အခက်တွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်၊ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့က တစ်ချိန်လုံး ခပ်ကြမ်းကြမ်း ကစားနေတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

အာတီတာကတော့ “ယူနိုက်တက်က ဒီမှာ ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ လုပ်ခဲ့တာပါ။ ကျွန်တော်တို့လိုပဲပေါ့။ ဒါပေမယ့် သူတို့ရဲ့ ခပ်ကြမ်းကြမ်း ကစားဟန်ကို တားဆီးရမှာက ဒိုင်လူကြီးရဲ့ အလုပ်ပါ”

“အပေါင်းလက္ခဏာဆောင်တဲ့အချက်ကတော့ ဒီလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ပွဲကို ကစားခဲ့ရပြီး အသင်းက အများကြီး တိုးတက်ဖို့ လိုတာကို သိလိုက်ရပါတယ်။ ဒီပွဲက ကြံ့ခိုင်မှုပိုင်းအရ အရမ်းအရမ်းကို တောင်းဆိုမှု များပြားပါတယ်။ ယူနိုက်တက်က သူတို့ရဲ့ အခိုက်အတန့်တွေမှာ ထိရောက်တဲ့ ကစားပုံကို ပြသခဲ့ပြီး ကျွန်တော်တို့လည်း လွှမ်းမိုးနိုင်ခဲ့ပါတယ်”

“ဒါပေမယ့်လည်း ဒီအခွင့်အရေးတွေကို ကျွန်တော်တို့က မပြောင်းလဲနိုင်ခဲ့ဘဲ ယူနိုက်တက်က နိုင်ပွဲရသွားပါတယ်။ ရှုံးနိမ့်ရတာကို ကျွန်တော် မုန်းပါတယ်။

အခုချိန်မှာဖြစ်နေတဲ့ ခံစားချက်ကိုလည်း ကျွန်တော် မကြိုက်ပါဘူး။ ဒီတော့ ကစားသမားတွေ အခုချက်ချင်း လေ့ကျင့်ခန်း ပြန်ဆင်းရမှာဖြစ်ပြီး လာမယ့်ပွဲကို အနိုင်ရဖို့ တိုးတက်အောင် လုပ်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။