လီဗာပူးနဲ့ မန်စီးတီးတို့ နှစ်သင်းထဲမှာ ဘယ်အသင်းကို ပို ခါးသီးသလဲ ဖော်ထုတ်သွားတဲ့ ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကက် ရက်ရှ်ဖို့ဒ်က လီဗာပူးနဲ့ မန်စီးတီးတို့အနက် ဘယ်အသင်းကို ပိုမုန်းလဲဆိုတာ ထုတ်ဖော်ပြောကြားလာပါတယ်။
အသက်- ၂၅ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်အကယ်ဒမီမှတစ်ဆင့် စီနီယာကစားသမားဘဝသို့ ၂၀၁၆ ခုနှစ်မှာစတင်ရောက်ရှိလာခဲ့ပြီး ပထမဆုံး ပွဲဦးထွက်မှာတင် ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်ရဲ့ သူရဲကောင်းတစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။
တစ်ချိန်က ယူနိုက်တက်ပရိသတ် တစ်ဦးဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် စတင်ပွဲထွက်ကစားချိန်ကစပြီး ကြံ့ခိုင်မှုအားကောင်းလာပြီး ပရိသတ်များရဲ့ အချစ်တော်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်ပရိသတ်များနည်းတူ ရက်ရှ်ဖို့ဒ်မှာလည်း အသင်းချစ်စိတ်ပြင်းထန်ပြီး ပြိုင်ဖက်အသင်းများထံ မုန်းတီးတဲ့စိတ်ဓာတ်များကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
Overlap အစီအစဉ်မှာ ယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးလ်က ရက်ရှ်ဖို့ကို မန်စီးတီးနဲ့ လီဗာပူးနှစ်သင်းထဲမှာ ဘယ်အသင်းကိုပိုမုန်းလဲဟု မေးမြန်းခဲ့ရာ ရက်ရှ်ဖို့ဒ်က “လီဗာပူးပါ။ ကျွန်တော်နှစ်သင်းစလုံးကိုမုန်းပေမယ့် လီဗာပူးကိုပိုမုန်းပါတယ်” လို့ပြန်ဖြေခဲ့ပါတယ်။
သို့သော်လည်း ရက်ရှ်ဖို့ဒ်ပါဝင်ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲစဉ်များမှာ ယူနိုက်တက်ဟာ အကောင်းဆုံးပုံစံရှိမနေခဲ့ပါဘူး။ ရက်ရှ်ဖို့ပါဝင်တဲ့ ခါးသီးတဲ့ပြိုင်ဖက်လီဗာပူးနဲ့ကစားခဲ့တဲ့ စုစုပေါင်းပွဲစဉ် ၁၅ ပွဲမှာ ယူနိုက်တက်ဟာ ၃ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးအသင်းဘက်ကို ၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အထင်ကြီးလောက်စရာခြေစွမ်းများကိုပြသထားတာ ဂိုးဖန်တီးမှုများလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ စုစုပေါင်းပွဲစဉ် ၁၈ ပွဲမှာ ၅ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားကာ ၆ ပွဲ အထိ အနိုင်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ မန်စီးတီးနဲ့လီဗာပူးတို့ဟာ အင်္ဂလိပ်ဘောလုံးလောကကို အသာစီးရလာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုနွေရာသီအပြောင်းအရွှေ့မှာ မေဆင်မောင့်နဲ့ အန်ဒရေအိုနာနာတို့ကို ခေါ်ယူအားဖြည့်ထားတဲ့ ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။