ပီအက်စ်ဂျီ ဝင်ပါလာတဲ့ ဟွိုင်လန်းကိစ္စ၊ ဘိုင်ယန် မျက်စိကျလာတဲ့ ဒီဂီယာ၊ သင်ခန်းစာရသွားတဲ့ ဆာကာနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

အာဆင်နယ် တိုက်စစ်မှုး ဆာကာ ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကစားပြီး ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ် ကနေ သင်ခန်းစာအချို့ရခဲ့တဲ့အကြောင်း ရင်ဖွင့်ပြောဆိုလိုက်ပါတယ်။

မန်ယူ ပစ်မှတ်ထားနေတဲ့ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းအတွက် ပီအက်စ်ဂျီအသင်း က ယူရို သန်း ၅၀ ဖြင့် တရားဝင် ကမ်းလှမ်းမှု စတင်လိုက်ပြီ ဖြစ်ကြောင်း The Athletic က ဖော်ပြလာပါတယ်။ မန်ယူဘက်ကတော့ ယူရို သန်း ၅၀ + ယူရို ၁၀ သန်း ပေးမယ်လို့ နှုတ်အားဖြင့် ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်က ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ ဂိုးသမား ဒီဂီယာ ကို ဘိုင်ယန်မြူးနစ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သတင်းထွက်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဇူလိုင်လ နှောင်းပိုင်းနဲ့ သြဂုတ်လဆန်းပိုင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စရပ်တွေအတွက် လှုပ်ရှားမှုကောင်းကောင်းနဲ့ လုပ်ဆောင်သွားဖို့ ရှိနေရာ အခုလည်း အမ်မရာဘတ်အတွက် ယူရို (၃၅)သန်းနဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီမနက် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ခြေစမ်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ၂-၀ အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲမှာ မန်ယူက လူစုံပွဲထုတ်လာပေမယ့် ပွဲစပြီးသိပ်မကြာခင်မှာတင် ခြေစမ်းပွဲတွေတစ်လျှောက် ခြေစွမ်းပြနေတဲ့ လူငယ်လေးမိုင်နိုး ဒဏ်ရာရရှိသွားလို့ ထိုးနှက်ချက်ကြီးမားခဲ့ပါတယ်။

ရီးရဲလ်ကလည်း စောစောစီးစီး ဂိုးရသွားလို့ ပွဲကိုထိန်းပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ ကစားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဟိုဆေးလူက နောက်ပြန်ကန်ချက်နဲ့ လှလှပပဂိုးသွင်းယူခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက် က ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ် အပြီးမှာပဲ သူတို့အသင်းက အထောင် တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ လိုအပ်နေပြီလို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။