မန်ယူနဲ့ ပွဲဦးထွက် ရှုံးပွဲတွေ့ခဲ့ပေမယ့် စွမ်းဆောင်ရည် အချက်အလက်တွေမှာ ဒီဂီယာထက် အပြတ်သာ နေတဲ့ အိုနာနာ
မန်ချက်စတာယူနိုက်တက် ဂိုးသမားသစ် အိုနာနာဟာ ရီးရဲလ်မက်ဒရစ် နဲ့ ခြေစမ်းပွဲမှာ အသင်းသစ်အတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် နည်းပြအဲရစ်တန်ဟက် စိတ်ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။
မန်ယူ အသင်းဟာ ကင်မရွန်း ဂိုးသမား အိုနာနာကို ပေါင်(၄၇.၂)သန်းနဲ့ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို သက်တမ်းပြည့်ရင် နောက်ထပ် (၁)နှစ်စာချုပ်သစ်ချုပ်ဖို့ သဘောတူညီချက်လည်းပါဝင်ခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ (၁၂)နှစ်ကြာကစားခဲ့တဲ့ ဝါရင့်ဂိုးသမား ဒီဂီယာနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် ဒီဂီယာရဲ့နေရာမှာ အစားထိုးဖို့အတွက် အိုနာနာကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် သူ့ရဲ့အမှားတွေကြောင့် မလိုလားအပ်တဲ့ဂိုးတွေပေးခဲ့ရသလို တိုက်စစ်ကို ပံ့ပိုးပေးနိုင်မှုအပိုင်းမှာ အားနည်းချက်ရှိတဲ့အတွက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
အိုနာနာကတော့ ဒီဂီယာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး မော်ဒန်ဘောလုံးလောကမှာ ခေတ်စားနေတဲ့ ‘sweeper keeper’ပုံစံကို အကောင်းဆုံးကစားနိုင်သူဖြစ်ပါတယ်။
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ကင်မရွန်ဂိုးသမားအိုနာနာဟာ ရီးရဲလ်ကို (၂-ဝ)ဂိုးနဲ့ရှုံးတဲ့ပွဲမှာ ယူနိုက်တက် အသင်းအတွက် ပွဲဦးထွက် ကစားခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်က ဒီဂီယာထက် ပိုကောင်းမွန်ခဲ့ပါတယ်။
နာမည်ကျော် ဝက်ဘ်ဆိုက် Sofascore ရဲ့ ဖော်ပြချက်အရ ရီးရဲလ်နဲ့ပွဲမှာ အိုနာနာဟာ ဘောလုံးထိချက် (၅၁)ကြိမ်ရှိခဲ့ပြီး အောင်မြင်တဲ့ဘောလုံးပေးပို့မှု (၃၉)ကြိမ်အထိ ရှိတဲ့အပြင် တိကျတဲ့ဘောလုံးပေးပို့မှုရာခိုင်နှုန်းက (၉၅.၁%)အထိရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လက FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဒီဂီယာဟာ ဘောလုံးထိချက်(၄၃)ကြိမ်၊ အောင်မြင်တဲ့ဘောလုံးပေးပို့မှု (၁၇)ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ရာခိုင်နှုန်း(၄၈.၆%)သာ ရှိခဲ့ပါတယ်။
ရီးရဲလ်နဲ့ပွဲမှာ (၂)ဂိုး ပေးခဲ့ရပေမယ့် နည်းပြအဲရစ်တန်ဟက်ကတော့ အိုနာနာရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးစကားပြောခဲ့ပါတယ်။
အဲရစ်တန်ဟက်က “အိုနာနာဟာ တည်ငြိမ်တဲ့စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ အိုနာနာဟာ အပိုင် အခွင့်အရေး(၂)ကြိမ်ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး အသင်းက လိုအပ်နေတဲ့အချိန်မှာ သူက အသင့်ရှိနေသလို သူ့တာဝန်ကို အကောင်းဆုံးထမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုပွဲက အိုနာနာရဲ့ ပွဲဦးထွက်ဖြစ်ပြီး ကျွန်တော်တို့အသင်း ခံစစ်မှာလည်း အခုထက် ပိုကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။