ပီအက်စ်ဂျီက လက်ဦးမှု ထယူပေမယ့် မန်ယူကတော့ ဟွိုင်လန်းကို အပိုင်ချုပ်ထားပါပြီ

အတ္တလန္တာ တိုက်စစ်မှုး ဟွိုင်လန်း အတွက် ပီအက်စ်ဂျီအသင်းက လက်ဦးမှု ယူကာ ဝင်ရောက် ကမ်းလှမ်းပေမယ့်လို့ ကစားသမားကတော့ မန်ချက်စတာ ယူနိုက်တက်ကိုပဲ အလေးသာနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ် လာပါတယ်။

ဟွိုင်လန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားခဲ့ပေမယ့် မန်ယူက နှုတ်အားဖြင့်သာ ကမ်းလှမ်းမှု ပြောထားပြီး အတ္တလန်တာနဲ့ နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ မရသေးချိန်မှာ ပီအက်စ်ဂျီ က ကြားဝင်လာခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်း အတွက် ယူရို သန်း ၅၀ + ယူရို ၁၀ သန်း ပေးမယ်လို့ နှုတ်အားဖြင့် အရင် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကတော့ ယူရို သန်း ၅ဝ လို့ မနေ့က တရားဝင် ကမ်းလှမ်းမှု တင်သွင်းသွားတာပါ။

ပီအက်စ်ဂျီကတော့ ယူနိုက်တက်လို့ စောင့်ကြည့် ညှိနှိုင်းမှာ မဟုတ်ဘဲ သန်း ၅ဝ ကို လက်ခံ၊ မခံသာ အကြောင်း ပြန်ဖို့ ယတိပြတ် လုပ်ထားပါတယ်။

အသက် ၂၁ နှစ်အရွယ် ဒိန်းမတ်သားအနေနဲ့ ဥရောပ အသင်းကြီးတစ်သင်းမှာ ပြောင်းရွှေ့ကစားချင်နေပြီး အတ္တလန်တာဘက်ကတော့ ယူရိုသန်း ၈၀ လောက်အထိ အနိမ့်ဆုံး အလိုရှိနေပါတယ်။

ဒါကြောင့် အကန့်အသတ်မရှိ ငွေသုံးနိုင်မယ့် အသင်းမျိုးကသာ သူ့ကို ခေါ်ယူဖို့ လွယ်ကူမှာဖြစ်ပြီး ပီအက်စ်ဂျီက စိတ်ဝင်စားလာချိန်မှာတော့ မန်ယူ အနေနဲ့ ဘယ်လို လှုပ်ရှားလာဦးမလဲ စာင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။